Monday, January 2, 2017

ဘိုးဘွားအမွေအနှစ်ကို မြတ်နိုးထိန်းသိမ်း


ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းထောင်ချီသည့် ကာလကတည်းက တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးတို့ဖြင့် မြန်မာနိုင်ငံတစ်ဝန်း ဒေသအနှံ့အပြားတွင် အတူတကွရောနှော နေထိုင်လျက်ရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။
တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်စသည့် ခေတ်သမိုင်းစဉ်တစ်လျှောက်တွင် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း ကိုယ့်အရှင်သခင်ဖြင့် အတူတကွ ခံ့ညားထည်ဝါစွာ စုစည်းနေထိုင်ခဲ့ကြသည်ကို မျက်မှောက်ကာလအထိ ကျန်ရှိရစ်သည့် ယဉ်ကျေးမှုအမွေအနှစ်များက သက်သေပြလျက်ရှိသည်။
မြန်မာနိုင်ငံအတွင်း ရှာဖွေတွေ့ရှိထားသော လူတူပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဖြစ်နောက်မကျသောနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့သည်ကိုလည်း တထစ်ချပြောနိုင်သည်။ မြန်မာနိုင်ငံ၏ပထဝီဝင်အနေအထားအရ သွယ်တန်းနေသော တောင်တန်းကြီးများမှာ နယ်နိမိတ်တံတိုင်းကြီးများသဖွယ် ကာရံပေးထားပြီး ပြည်ပမှ အလွယ်တကူ မဝင်ရောက်နိုင်အောင် ဟန့်တားထားသည်။
စုပေါင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများမှာလည်း နေရာဒေသကိုလိုက်၍ အခေါ်အဝေါ်၊ ပြောဆိုသောဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ယုံကြည်ကိုးကွယ်မှုတို့မှာ ကွဲပြားမှုရှိသော်လည်း မြန်မာဟူသော နယ်နိမိတ်အတွင်း အတူတကွနေထိုင်ခြင်း၏ ပင်ကိုစရိုက် လက္ခဏာနှင့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာတို့မှာ အခြေခံအားဖြင့် တူညီပေသည်။
ထိုကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံတော်ကြီးကို ပထမမြန်မာနိုင်ငံတော်ကြီးအဖြစ် အမြော်အမြင်ကြီးမားသော ပုဂံမင်းဆက်က နှစ်ပေါင်းတစ်ထောင်ကျော်ကြာ စုစည်းအုပ်ချုပ်၍ နိုင်ငံတော်လုံခြုံရေးအတွက် ခံမြို့၊ ကင်းမြို့များ တည်ဆောက်ထားနိုင်ခဲ့ပြီး တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းအားဖြင့် ပြည့်ဝမ်းစာရှာဖွေရုံသာမက နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်ချိန်တွင် လိုအပ်သလို တစုတစည်းတည်း ပါဝင်ခဲ့ကြသည်။
တစ်ဖန် တိုင်းပြည်အင်အားယိုင်နဲ့၍ပြိုကွဲရသောအခါ တကွဲတပြား စီဖြစ်နေသော နိုင်ငံတော်ကို တောင်ငူခေတ်တွင် ပြန်လည်စုစည်းကာ ဒုတိယမြန်မာနိုင်ငံတော်အဖြစ် ပြန်လည်ထူထောင်ပြီး မြန်မာနိုင်ငံ၏ပိုင်နက်နယ်မြေကို ကျယ်ပြန့်စွာပြန်လည်ထူထောင်ခဲ့သည်။ ထိုစဉ်ကလည်း သတ္တိဗျတ္တိနှင့်အမြော်အမြင်ကြီးမားသော မင်းများနှင့်ပြည်ထောင်စု ဖွားတိုင်းရင်းသားများ အတူလက်တွဲစွမ်းဆောင်နိုင်မှုကြောင့် ဒေသတွင်း နယ်ပယ်တွင် အချုပ်အခြာအာဏာပိုင်စိုးကာ လွတ်လပ်စွာရပ်တည်နေထိုင်နိုင်ခဲ့သည်။
အလားတူ တိုင်းပြည်အင်အားယုတ်လျော့၍ ထိပါးစော်ကားမှုများ ရှိလာသောအချိန် ကုန်းဘောင်ပထမမင်းဆက် အလောင်းမင်းတရား လက်ထက်မှစ၍ တတိယမြန်မာနိုင်ငံတော်ကြီးကို ပြန်လည်စုစည်းကာ ပြည်ပရန်၊ ပြည်တွင်းရန်တို့ကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး နှင့်လက်တွဲ၍ တွန်းလှန်ချေမှုန်းကာ လွတ်လပ်သည့်အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံတော်အဖြစ် ထူထောင်နိုင်ခဲ့သည်။
ထို့နောက် ယိုယွင်းလာ၍ နယ်ချဲ့လက်အောက်သို့ကျရောက်ခဲ့သော မြန်မာနိုင်ငံတော်ကို မျိုးချစ်မြန်မာခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ဦးဆောင်မှုဖြင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လက်တွဲကာ နယ်ချဲ့ရန်ကိုတွန်းလှန်နိုင်ခဲ့သောကြောင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သည့် စတုတ္ထမြန်မာနိုင်ငံတော်အဖြစ် ယနေ့ထက်တိုင် ခိုင်ခိုင်မာမာရပ်တည်နေသည်။
နှစ်ပေါင်းထောင်ချီအဓွန့်ရှည်တည်တံ့ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို လေးကြိမ်လေးခါ ပြန်လည်စုစည်းကာ တည်ထောင်ထားနိုင်ခြင်းသည် သတ္တိဗျတ္တိနှင့် အမြော်အမြင်ကြီးမားသော ခေါင်းဆောင်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နိုင်ငံတောတည်ဆောက်ရေးနှင့် ကာကွယ်ရေးအတွက် တညီတညွတ်တည်း စည်းစည်းလုံးလုံး လက်တွဲဆောင်ရွက်ခဲ့ကြသည်ကို မမေ့မလျော့ မပေါ့ မဆရှိကြရမည်ဖြစ်သည်။ ။

No comments:

Post a Comment