Monday, January 2, 2017

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အခမ်းအနားများကျင်းပ


Image may contain: 1 person, crowd and outdoor
နေပြည်တော်
-----------------
(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီး၌ ပျော်ပွဲ၊ ရွှင်ပွဲ၊ အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်လည်း ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဝဏ္ဏသိဒ္ဓိအားကစားကွင်း/ရုံများ တွင် ဆက်လက်ကျင်းပသည်။
ယနေ့အားကစားပြိုင်ပွဲများအဖြစ် ဖူဆယ်ပြိုင်ပွဲရုံတွင် ဝန်ကြီးဌာန ပေါင်းစုံ ဖူဆယ် (အမျိုးသား)ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအသင်းက ခြောက်ဂိုး-ငါးဂိုးဖြင့် လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ၁ဝဂိုး-၆ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသည်။
လွန်ဆွဲပြိုင်ပွဲအုပ်စုပွဲစဉ်၏ နောက်ဆုံးပွဲစဉ်များကို လေ့ကျင့်ရေးကွင်း အမှတ် (၃) တွင် ယှဉ်ပြိုင်ကစားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနပေါင်းစုံမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိသတ်များ လာရောက် အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(မောင်မောင်ဇော်)
သာယာဝတီ
---------------
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တွင် (၆၉)နှစ်မြောက် လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်ဘီးစီးပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက သဲဖြူကျေးရွာတွင် စတင်ကျင်းပရာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။
အဆိုပါစက်ဘီးစီးပြိုင်ပွဲကို သဲဖြူကျေးရွာမှ သာယာဝတီမြို့အထိ ရန်ကုန်ပြည်လမ်းတစ်လျှောက် ခုနစ်မိုင်အကွာအဝေးကို သာယာဝတီ ခရိုင်တွင်း ရှစ်မြို့နယ်မှ အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၆၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
စက်ဘီးစီးပြိုင်ပွဲကို သာယာဝတီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသား အမျိုးသမီး ဆုရရှိသူ အသီးသီးကို စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင် မောင်လွင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ Myanmar C.P.Livestock Co.,Ltd. မှ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ဆုချီးမြှင့်ပွဲအပြီးတွင် ပြိုင်ပွဲဝင်အားကစားသမားများအား စက်ဘီးငါးစီး ကံစမ်းမဲဖောက်ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
ဗန်းမောက်
-------------
(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁ဝ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မြို့မအလယ်တန်းကျောင်း၌ ကျင်းပရာ အထက်တန်း အလယ်တန်း၊ မူလတန်း ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့နှင့် အမျိုးသားရေး တာဝန်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် ကျွန်ုပ်၏မျှော်မှန်းချက်၊ လွတ်လပ်ရေးနေ့ ဒို့မမေ့ခေါင်းစဉ်တို့ဖြင့် အထက်တန်းကျောင်းသား ကျောင်းသူ ၂၁ ဦး၊ အလယ်တန်း ကျောင်းသား ကျောင်းသူ ၃၃ ဦး၊ မူလတန်းကျောင်းသား ကျောင်းသူ ၂၈ ဦး စုစုပေါင်း ၈၂ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)
မိုင်းယောင်း
---------------
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယုမြို့၌ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု၍ ကျေးရွာချင်းဆက်လမ်းများ မြေဖို့ပြုပြင် ဆောင်ရွက်ခဲ့သည်။
၂ဝ၁၇ ခုနှစ် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့မှ နိုင်ငံရေးပါတီဝင်များနှင့် အမှတ် (၁ဝဝ၈) နယ်ခြားစောင့်တပ်မှ တပ်မတော်သားများသည် ဒီဇင်ဘာ ၃၁ ရက်က မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စုရှိ ဝမ်ပေါ့ကျေးရွာ၊ ဝမ်နားမြက်ကျေးရွာနှင့် ဝမ်ဒွန်းနွဲ့ကျေးရွာချင်းဆက်လမ်းများအား စုပေါင်း၍ မြေဖို့ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment