Monday, January 2, 2017

စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင် လယ်ယာမြေများအား စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်ရေး မြေယာများပြုပြင်



Image may contain: sky, grass, outdoor and nature
မြစ်သား ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ရွာသစ်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာနက ကြီးမှူး၍ ရွာသစ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင် လယ်ယာမြေများအား စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်ရေး မြေယာများပြုပြင်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက ''မြေယာများပြုပြင်ပေးခြင်းဖြင့် အသင်းသားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာစေခြင်း၊ ထုတ်လုပ်မှု စွမ်းအားမြင့်မားလာခြင်းနှင့်အတူ လုပ်ကွက်ငယ်တောင်သူများ၏ ဝင်ငွေပါတိုးတက်လာစေခြင်း၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း၊ မြစ်သားမြို့နယ်တွင် အသင်းပေါင်း လေးသင်းရှိ အသင်းသား၂၄ ဦး၏ လယ်ယာမြေဧက ၁၃၁ ဒသမ ၄၃ ပြုပြင်ရန် ပံ့ပိုးချေးငွေကျပ် ၃၇ ဒသမ ၇၄၆ သန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ယနေ့ပြုပြင်မည့် ရွာသစ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင် ဒုတိယတန်းစားအမျိုးအစား ဧက ၁၆ ဒသမ ၈၃ ဧကကို တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ချေးငွေကာလ သုံးနှစ်သတ်မှတ်ကာ ပြုပြင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစန်းလွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အုန်းကြည်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်တို့က အသင်းသားတောင်သူများဘဝ ပိုမိုတိုးတက် မြင့်မားလာစေရန် သမဝါယမဦးစီးဌာနနှင့် အသင်းသားများ၏အင်အား ပေါင်းစပ်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်း ဒေသကြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများက ရွာသစ်စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းပိုင်လယ်ယာမြေများအား စက်မှုလယ်ယာ ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက ထွန်စက်များဖြင့် မြေယာပြုပြင်ခြင်းများကို ကြည့်ရှုခဲ့ကြသည်။
ရဲဝင်းထွန်း(မြစ်သား)

No comments:

Post a Comment