Tuesday, January 31, 2017

မဟာဇယမေဒနီရာပြည့်စေတီတော်ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကျင်းပ


Image may contain: 5 people, people sitting
စစ်ကိုင်း ဇန်နဝါရီ ၃ဝ
စုဒ္ဒသမရွှေကျင်သာသနာပိုင် ဇယမေဒနီဝါဆိုဆရာတော် ဦးအဂ္ဃိယ၏ သက်တော် (၁ဝဝ) ပြည့် အထိမ်းအမှတ် အဖြစ်တည်ထားသည့် မဟာဇယမေဒနီရာပြည့်စေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို ဆရာတော်ကြီး၏ ဇာတိစစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ် လင်းယဉ်ကျေးရွာတွင် ဇန်နဝါရီ ၃ဝ ရက် နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရုရွှေကျင်နိကာယ တွဲဖက် သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဥာဏိဿရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ဘုရား ဒါယကာ ဒါယိကာမ များဖြစ်သည့် ဦးရန်အောင် ဇနီး သုဓမ္မသိင်္ဂီ၊ ဒေါ်ရင်ရွှင် (သာသနာဥပထမ္ဘကပုညမဟတ္တဝိသိဋ္ဌ) NEW STAR Gem's & Jewellery မိသားစုတို့က သတ်မှတ်နေရာ များတွင် ထန်းပင်နှင့် အုန်းပင်များကို မင်္ဂလာအချိန်၌ စိုက်ပျိုးပေးခဲ့ကြပြီး မြေဆီနှင့် ရေစင် ရေသန့်များ သွန်း လောင်းခြင်း၊ အမွှေးနံ့သာရည်များဖြင့် ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ထိုင်းနိုင်ငံ သာသနာ့ရာဇာကျောင်းထိုင် ဆရာတော်က ဝါဆိုဆရာတော်ဘုရားကြီးအား ဆက်ကပ် လှူဒါန်းသော ဘွဲ့တံဆိပ်တော်ကို သံဃာဆရာတော်ကိုယ်စား ဒေါက်တာဘွန်းချိုင်းက လှူဒါန်းရာ ဆရာတော်ကြီး ကိုယ်စား ဇယမေဒနီအရှင်နန္ဒိယက လက်ခံခဲ့သည်။
ဆက်လက်ပြီး ကြွရောက်လာသော ဆရာတော်၊ သံဃာ တော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး တက်ရောက် လာသော ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် ကျွေးမွေး ဧည့်ခံသည်။ ညနေပိုင်းတွင် ပင့်ဖိတ်ထားသော ရဟန်း သံဃာတော်အပါး ၁၆ဝ နှင့် သီလရှင် ၁ဝ၈ ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဒါန်းဖွယ်ပစ္စည်းများ လောင်းလှူ ခြင်း၊ ညပိုင်းတွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ် ဆီမီးငါးထောင် ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်းများကို ဆက်လက်ကျင်းပကြောင်း သိရသည်။
အဆိုပါ ရာပြည့်စေတီတော်ကြီး တည်ဆောက်ရာ တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင်သာရှိပြီး မြန်မာနိုင်ငံတွင် မြင်တွေ့ရလေ့မရှိသော စေတီတော်ပုံသဏ္ဌာန်အား တည် ဆောက်ရန် သီတဂူဆရာတော်က လမ်းညွှန်မှာကြားခဲ့ပြီး မြန်မာမှုအနုပညာရှင် တမ္မဝတီဦးဝင်းမောင်က ပုံစံထုတ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
စေတီတော်တည်ဆောက်နေမှုကို ထိုင်းနိုင်ငံမှ ရုပ်သံ အစီအစဉ်တစ်ခုက အခမ်းအနား ပြီးစီးသည်အထိ ရိုက်ကူး ခဲ့ပြီး ထိုင်းနိုင်ငံတွင် ဓမ္မအစီအစဉ်တစ်ရပ်အနေဖြင့် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ပြုလုပ်သော ရေစက်ချအခမ်းအနားသို့ အနီး ဝန်းကျင်သာမက ထိုင်းနိုင်ငံမှ ဆရာတော်များနှင့် ဒါယကာ ဒါယိကာမများ၊ လားဟူ၊ ပလောင် အစရှိသည့် ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများလည်း တက်ရောက် ကြည်ညိုပြီး ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
သတင်း-အေးမြ(မန္တလေး)
ဓာတ်ပုံ-တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment