Monday, January 2, 2017

ဘဝနေဝင်ချိန်များ လှပစေရေး

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


အမေရိကန်စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး ရေးသားပြီး လွန်ခဲ့သည့် ၆၅ နှစ် (၁၉၅၂)ခုနှစ်အတွင်းက ထုတ်ဝေခဲ့သောThe Old Man and the Sea အမည်ရှိ ဝတ္ထုလတ်တစ်ပုဒ်မှာ ကမ္ဘာကျော်ခဲ့သည်။ အဆိုပါဝတ္ထုကို မြန်မာစာရေးဆရာကြီး သုံးဦးဖြစ်သည့် ဆရာကြီး မောင်ဉာဏ်ဝန်က ၁၉၅၄ ခုနှစ်တွင် ''အဏ္ဏဝါနှင့်အဘိုးအို'' အမည်ဖြင့် လည်းကောင်း၊ ဆရာကြီး တင့်တယ်က ၁၉၆၄ ခုနှစ်တွင် ''အဏ္ဏဝါနှင့် အဘိုးအို'' အမည်ဖြင့်ပင်လည်းကောင်း၊ ဆရာကြီးမောင်ဆုရှင်က ၁၉၇၄ ခုနှစ်တွင် ''ပင်လယ်ပြာနှင့်တံငါအို'' အမည်ဖြင့်လည်းကောင်း မြန်မာ ဘာသာသို့ အသီးသီးပြန်ဆိုခဲ့ကြပြီး ဆရာမောင်ဆုရှင်၏ '' ပင်လယ်ပြာနှင့် တံငါအို''က အမျိုးသားစာပေ ဘာသာပြန်ပထမဆု ရရှိခဲ့သည်။

ဝတ္ထုမှာ ဆန်တီယာဂိုအမည်ရှိ တံငါသည်အဘိုးအိုနှင့် ဧရာမ မာလင် ငါးကြီးတစ်ကောင်တို့ကြားမှ ရုန်းကန်လှုပ်ရှားရသောတိုက်ပွဲကို သရုပ်ဖော် ထားခြင်းဖြစ်သည်။ ရက်ပေါင်း ၈၄ ရက်တိုင်တိုင် ငါးတစ်ကောင်မှမမိခဲ့သော ကံဆိုးရှာသည့် တံငါသည်အဘိုးအိုတစ်ယောက်၊ ၄င်း၏ ဘဝတစ်လျှောက် အကြီးဆုံး ငါးကြီးတစ်ကောင်ကို ပင်လယ်ပြင်၌ ဖမ်းမိခဲ့ချိန်၊ ဧရာမငါးကြီး ကလည်း ၄င်းအသက်ဘေးမှ လွတ်မြောက်ရေးအတွက် ပြန်လည်ရုန်းကန် ကာ သုံးရက်တိုင်တိုင် လူသားအဘိုးအိုတစ်ယောက်နှင့် ဧရာမငါးကြီး တစ်ကောင်တို့ အားပြိုင်ခဲ့ကြပြီးနောက် အဘိုးအိုမှာ ခြေကုန်လက်ပန်းကျ ကာ မာလင်ငါးကြီးကို ဖမ်းမိခဲ့သော်လည်း အပြန်လမ်းတွင် ငါးမန်းများ ကြောင့် ၄င်းဖမ်းမိခဲ့သောငါးကြီးမှာ အရိုးစုမျှသာ ကျန်ခဲ့ရသည့်အကြောင်း ရသမြောက်စွာ ရေးဖွဲ့ခဲ့သည့် ၄င်းဝတ္ထုမှာ ကမ္ဘာကျော်ခဲ့သည်။

အဘိုးအိုသည် လူသားတို့ကို ကိုယ်စားပြုပြီး ပင်လယ်ပြင်သည် လောကကို ကိုယ်စားပြုကြောင်း၊ လူသားသည် မိမိတို့ရှင်သန်မှုအတွက် ရုန်းကန်တိုက်ပွဲဝင်ကြရကြောင်း၊ တစ်ခါတစ်ရံအောင်ပွဲကို ဆွတ်ခူးနိုင် သည့်တိုင် ရလဒ်မှာမူ အနှစ်သာရနှင့် အဓိပ္ပာယ်တို့ ကင်းမဲ့တတ်ကြောင်းကို သင်္ကေတပြု၍ ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်သုံးသပ်ချက်များလည်း ရှိခဲ့သည်။ အဆိုပါဝတ္ထုကိုခံစား၍ အဆိုတော်ကြီး ကိုမင်းနောင်သီဆိုခဲ့သော ''ဇရာ'' သီချင်းမှာလည်း နားဆင်ရသူတို့ကို ခံစားမှုများ နက်နက်ရှိုင်းရှိုင်း ပေးစွမ်းနိုင်ကာ အိုမင်းမစွမ်းကြပြီဖြစ်သော သက်ကြီးရွယ်အိုတို့အပေါ် ကရုဏာစိတ်များ ယိုဖိတ်ဖြစ်ပေါ်စေခဲ့သည်။

ဇရာဟုဆိုသည့် သက်ကြီးရွယ်အိုဘဝ၊ အိုမင်းမစွမ်းသူအဖြစ်ကို (ငယ်ငယ်ရွယ်ရွယ်နှင့် ဘဝနိဂုံးချုပ်သူမှလွဲ၍) မိမိတို့အားလုံး မလွဲမသွေ ရောက်ရှိကြရမည်ဖြစ်သည်။ လူမှုစီးပွားဘဝများ ပြောင်းလဲမှု၊ ရုပ်ဝတ္ထု အသစ်အဆန်းများနှင့် ကာမဂုဏ်အာရုံ အသစ်အဆန်းများအပေါ် ငြိတွယ်မှု၊ လူနေမှုပုံစံများ ပြောင်းလဲရှုပ်ထွေးလာမှုများနှင့်အတူ အမိအဘ၊ အဘိုးအဘွားများအပါအဝင် သက်ကြီးရွယ်အိုများအပေါ် သားသမီး၊ မြေးမြစ်များအပါအဝင် ပျိုရွယ်သူတို့က တာဝန်ယူစောင့်ရှောက်မှုများပေါ့လျော့ပျက်ယွင်းလာကြသည်ကို မျက်မှောက်ကာလတွင် တွေ့မြင်လာ ရပြီ ဖြစ်သည်။

သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေး စောင့်ရှောက်မှု မြှင့်တင်ရန်နှင့် လိုအပ်သည့်နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကူအညီများပေးရန်စသော ရည်ရွယ်ချက်များအပါအဝင် ကောင်းသော ရည်ရွယ်ချက်များစွာဖြင့် ''သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ''ကို ပြည်ထောင်စုလွှတ်တော်က ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝရက်တွင် ပြဋ္ဌာန်း လိုက်ပြီဖြစ်သည်။ ဘဝ၏နေဝင်ဆည်းဆာချိန် ရောက်ရှိနေပြီဖြစ်သော သက်ကြီးရွယ်အိုများ၏ အနာဂတ်လက်ကျန်အချိန်ကာလကလေးများ လှပစေရေးအတွက် ဥပဒေပါရည်ရွယ်ချက်များ အမြန်ဆုံး အကောင် အထည်ပေါ်လာစေရန် ဆန္ဒမွန်ဖြင့် မျှော်လင့်မိပါကြောင်း။ ။

No comments:

Post a Comment