Monday, January 2, 2017

လှိုင်မြို့နယ် ဗဟိုလမ်းပေါ်၌ လူသတ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ


Image may contain: one or more people and indoor
ရန်ကုန် ဇန်နဝါရီ ၁
လှိုင်မြို့နယ် (၇)ရပ်ကွက် မယ်ဇီကုန်းလမ်းနှင့် သရက်မြိုင် လမ်းကြားတွင် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁ဝ ရက် နံနက် ၆ နာရီခန့်က အမည်မသိ အသက်(၂၈)နှစ်အရွယ်ခန့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် လှိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသားတစ်ဦးမှာ လည်ပင်း ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ခဲ့ရသည်။
စုံစမ်းဆောင်ရွက်ချက်အရ သေဆုံးသူမှာ မရမ်းကုန်း မြို့နယ်နေ သီဟဇော်(၃ဝ)နှစ် ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်ကြောင်းသိရပြီး သေဆုံးသူတွင် တစ်ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး၊ တစ်မတ်သားခန့်ရှိ ရွှေဆွဲပြားတစ်ခု၊ ငါးမူးသားခန့်ရှိ ရွှေလက်စွပ်တစ်ကွင်းတို့အား ဝတ်ဆင်ထားကြောင်းနှင့် ဆင်းကတ်နှစ်ခုသုံး လက်ကိုင်ဖုန်းတစ်လုံး တို့ပါ ပျောက်ဆုံးသွားကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များသည် သေဆုံးသူနှင့်ဆက်သွယ်မှုရှိသူ၊ ရင်းနှီးသူများ၏ နောက်ကြောင်းများအား လိုက်လံစုံစမ်းရာ သေဆုံးသူ သီဟဇော်အသုံးပြုသော လူမှုကွန်ရက် Facebook တွင် သူငယ်ချင်းဖြစ်သူ ဇင်လေးဆိုသူအား မှတ်တမ်းဓာတ်ပုံရယူ၍ အုပ်ချုပ်ရေးအဖွဲ့များ၊ အမာခံ သတင်းပေးများထံ ဇင်လေး၏ဓာတ်ပုံများအား လိုက်လံ ပြသစုံစမ်းခဲ့ရာ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရသည်။
၎င်းအား ဖမ်းဆီးရမိရေးအတွက် အဆိုပါရပ်ကွက် အတွင်း စုံစမ်းထောက်လှမ်းဆောင်ရွက်ခဲ့ရာ အဆိုပါ အမျိုးသမီးမှာ အငှားယာဉ်မောင်းနှင်နေသူဖြစ်ကြောင်း စုံစမ်းသိရ၍ ဒီဇင်ဘာ ၂၆ ရက် နံနက် ၂ နာရီခန့်တွင် နေအိမ်သို့ ပြန်လာသူ မသဇင်ခိုင်(ခ)ဇင်လေး(ခ)သဇင်(ခ)သဇင်ဖြိုး(၃၂)နှစ်အား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးရာမှ အမှုမှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူ မသဇင်ခိုင်(ခ)ဇင်လေး(ခ)သဇင်(ခ)သဇင်ဖြိုးအား စစ်ဆေးရာ သားဖြစ်သူ ကျန်းမာရေး မကောင်းသဖြင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေခုနစ်ဦးထံမှ ယူဆောင်ထားသော အကြွေးငွေ ၂၃ သိန်းကျော်ခန့်အား ပေးဆပ်ရန်ရှိနေချိန်တွင် သီဟဇော်နှင့် ရင်းနှီးပတ်သက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၉ ရက် ည ၇ နာရီ မိနစ် ၄ဝ ခန့်တွင် သီဟဇော်နှင့်တွေ့ပြီး သီဟဇော်က ၄င်းနှင့်အတူ လိုက်ပါလာခဲ့ကြောင်း၊ ၄င်းနောက် ဗိုလ်တထောင် ကမ်းနားသို့သွားရောက်ကာ စကားပြောဆိုခဲ့ကြကြောင်း၊ ည ၁၂ နာရီခန့်တွင် ဗဟန်းမြို့နယ်ရှိ KTV ဆိုင်သို့ သွားရောက်၍ ၂ နာရီခန့် သီချင်းဆိုခဲ့ကြကြောင်း၊ နိုဝင်ဘာ ၁ဝ ရက် နံနက် ၂ နာရီခွဲခန့်တွင် ၄င်း KTV ဆိုင်မှထွက်လာပြီး ကားလျှောက်မောင်းနေခဲ့ရာ နံနက် ၃ နာရီခန့်တွင် လှိုင်မြို့နယ် ဗဟိုလမ်းသို့ရောက်ရှိစဉ် ၄င်းမှာ အိပ်ငိုက်လာသဖြင့် ကားအားလမ်းဘေးသို့ ရပ်ကာ သီဟဇော်အား ကားမောင်းတတ်ပါက မောင်းနိုင်ကြောင်း ပြောဆိုပြီး ကားနောက်ခန်းအတွင်းသို့ ဝင်ထိုင်စဉ် သီဟ ဇော်မှ အောက်သို့အပေါ့ဆင်းသွားပြီး ကားပေါ်သို့ပြန် တက်စဉ် ၄င်းမှ ယာဉ်ပေါ်တွင် အသင့်ဆောင်ထားသော ဓားမြှောင်ဖြင့် လည်ပင်းအား ထိုးခဲ့ကြောင်းနှင့် သီဟဇော် ဝတ်ဆင်ထားသော ဆွဲပြားပါရွှေဆွဲကြိုး၊ ရွှေလက်စွပ် တို့အားယူဆောင်ကာ သီဟဇော်အား အခင်းဖြစ်နေရာ၌ ထားခဲ့ကြောင်း၊ ယင်းနောက် ယာဉ်ပေါ်တွင်ကျန်ရှိသည့် သီဟဇော်၏ လက်ကိုင်ဖုန်း၊ လက်ပတ်နာရီ၊ ဖိနပ် တစ်ရံ နှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သော ဓားမြှောင်တို့အား ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ကာ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ကမာကြည်တံတားပေါ်မှ ပုဇွန်တောင်ချောင်းအတွင်း လွှင့်ပစ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အမှုမှ သက်သေခံယာဉ်၊ လက်ကိုင်ဖုန်းနှင့် ရွှေထည် ပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment