Sunday, January 1, 2017

တန်ဖိုးကြီးငွေစက္ကူများ ပြန်လည်ရုပ်သိမ်းရန်ဆုံးဖြတ်မှု အိန္ဒိယဝန်ကြီးချုပ်နရိန္ဒြာမိုဒီ ကာကွယ်ပြောကြား



Image may contain: 4 people, outdoor
နယူးဒေလီ ဒီဇင်ဘာ ၃၁
လှည့်ပတ်သုံးစွဲငွေစနစ်မှ တန်ဖိုးကြီးငွေစက္ကူများအား ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ရခြင်းနှင့်ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီက ကာကွယ်ပြောကြား လိုက်ကြောင်း၊ ယခုအခါပြည်သူများက ၎င်းတို့၏လက်ဝယ်ရှိ ငွေစက္ကူဟောင်းများကို ငွေစက္ကူသစ်များဖြင့် အစားထိုးလဲလှယ်နိုင်ရေးအတွက် ဘဏ်များတွင် တန်းစီ စောင့်ဆိုင်းနေကြရဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက ဒီဇင်ဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ဝန်ကြီးချုပ်မိုဒီသည် ရူပီး ၅ဝဝ တန်နှင့် ရူပီး ၁ဝဝဝ တန်ငွေစက္ကူများကို နိုဝင်ဘာ ၈ ရက်က ဖျက်သိမ်းခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်သမားများ ၏ဘဏ္ဍာရေးစီးကြောင်းကို ဖြတ်တောက်နိုင်ရေး၊ ငွေစက္ကူအစား ဒစ်ဂျစ်တယ်ငွေကြေးသုံးစွဲမှုစနစ်သို့ ပြောင်းလဲနိုင်ရေး ရည်ရွယ်ချက်များဖြင့် တန်ဖိုးကြီးငွေစက္ကူနှစ်မျိုးကို လှည့်ပတ်သုံးစွဲငွေစနစ်မှ ပြန်လည်ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
တန်ဖိုးကြီး ငွေစက္ကူဟောင်းများအား ပြန်လည် လဲလှယ်နိုင်ခွင့်ရှိသည့်ကာလကို ဒီဇင်ဘာလကုန်အထိ သတ်မှတ်ခဲ့သော်လည်း ယခုထက်တိုင် ငွေလဲလှယ်မည့် ပြည်သူများက ဘဏ်များတွင် တန်းစီစောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။
တန်ဖိုးကြီးငွေစက္ကူဟောင်းများကို ပြန်လည် ရုပ်သိမ်းခဲ့ရခြင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်မိုဒီက ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် စတင်သည့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်တွင် ကာကွယ်ပြောကြားခဲ့သည်။ အိန္ဒိယပြည်သူများသည် ငွေသားသုံးစွဲမှုအပေါ် မှီခိုအားထားမှု လျှော့ချရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
လှည့်ပတ်သုံးစွဲငွေစနစ်မှ တန်ဖိုးကြီးငွေစက္ကူအရေ အတွက်၏ ၈၆ ရာခိုင်နှုန်းကို ရုပ်သိမ်းနိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့နိုင်ငံများက အံ့အားသင့်မှုဖြစ်ကြရကြောင်း မိုဒီက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment