Sunday, January 1, 2017

၂ဝ၁၇ နှစ်သစ်ဆုတောင်းစကား



Image may contain: 1 person
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ ကမ္ဘာသူ ကမ္ဘာသား ခုနစ်ရက်သားသမီးများအားလုံးအတွက် ပြင်ပူ တွင်းဆွေး၊ ငြိမ်းအေးရာစေရာ၊ ငြိမ်းချမ်း ကမ္ဘာရဲ့ မင်္ဂလာမုခ်ဦးသစ်ဖြစ်ပါစေသတည်း။ အတွေ့အကြုံနှင့် သင်ခန်းစာများ၊ အကြံသစ်၊ ဉာဏ်သစ် ခွန်အားများကို လက်ဆောင်ပေးလိုက်တဲ့ မိတ်ဆွေနှစ်ဟောင်းများကိုလည်း ကျေးဇူးဥပကာတင်ရှိပါကြောင်း ပြောကြားနှုတ်ဆက်ခဲ့ပါတယ်။
စွယ်စုံအနုပညာရှင် ဦးဝင်းဖေ
၂ဝ၁၇ ခုနှစ် နှစ်သစ်အခါတော်မှာ မြန်မာတစ်နိုင်ငံလုံး ပြည်သူလူထုနဲ့တကွ နိုင်ငံတကာပြည်သူလူထုအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ။ စစ်မက်ရေးရာ အကြမ်းပတမ်းကိစ္စတွေလည်း လျော့ပါးငြိမ်းချမ်းပါစေ။ ရိုးရိုးသားသားပဲ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာ။
မြောက်ဘက်ဆီ အရှိန်ပြင်းပြင်းနဲ့ သွားနေတဲ့ယာဉ်ကို တောင်ဘက်ဆီချက်ချင်း ပြန်လှည့်အောင်လုပ်ဖို့ဆိုတာ လွယ်တာမှတ် လို့ကွာ။ မြောက်ဘက်သွားနေတဲ့အရှိန်ကို လျှော့ပြီးမှ တောင်ဘက်ဆီလှည့်ယူရမှာလေ။ Technocrat(တတ်သိစီမံခန့်ခွဲသူ)နဲ့ Infrastructure(အခြေခံအဆောက်အအုံ)တွေကို ရက်တစ်ရာအတွင်း ပြောင်းဖို့ဆိုတာ လွယ် တာမှတ်လို့။ ရက်တစ်ရာအတွင်း စောင့်ကြည့်မယ်၊ ဘာဖြစ်ရမယ်ဆိုတာတွေက ဘယ်ကလာမှန်းကို မသိတော့ပါဘူးကွာ။ ဖြစ်ချင်တာတွေများနေတာလည်း နားလည်ပါတယ်။ ဒါပေမယ့် ချက်ချင်းကြီး ဖြစ်ပေးဖို့ဆိုတာ လွယ်တာမှတ်လို့။ အဲဒီတော့ စိတ်ရှည် ရှည်နဲ့ စောင့်စားစေချင်တယ်။ တိုင်းပြည်ဟာ နှစ်ပေါင်း ငါးဆယ်ကျော်နင်းသမျှ ကြမ်းကျိုးတဲ့ နင်းကြမ်းကျိုးဖြစ်ခဲ့တာကို မမေ့စေချင်ဘူး။ ကုန်ထုတ်လုပ်ငန်းတွေ၊ ဝင်ငွေတွေ တိုးလာရင် ကျန်တာတွေကို တဖြည်းဖြည်းပြောင်းလဲ ယူနိုင်မှာပါကွာ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီရင်းနှီးမြှုပ်နှံမှုတွေ၊ လုပ်ငန်းတွေ ဒီထက် မြန်မြန်သွက်လက်လာစေဖို့ ပြောတာ ကြားမိပါတယ်။
(မိုးထွန်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက 
ဦးတင်ဦး

၂ဝ၁၇ ကတော့ ပြည်သူပြည်သားတွေ အင်မတန်မှ ဆန္ဒပြင်းပြနေတဲ့ မေတ္တာနဲ့ ယှဉ်တဲ့ ငြိမ်းချမ်းမှုကို ရစေချင်ပါတယ်။ လောလောဆယ်တော့ ကြာတော့ကြာလှပြီ။ ငြိမ်းချမ်းအောင်၊ အေးချမ်းအောင် ဆောင်ရွက် မယ်ပြောပြော တကယ်တမ်းဆောင်ရွက် တဲ့အခါကျတော့လည်း ထိထိရောက် ရောက်မဖြစ်လာဘူးဆိုတော့ နောင်လာ နောက်သားအတွက်ကို အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေက အင်မတန် သတိကြီးစွာ ထားပြီးတော့ နောင်ရေးစိတ်ချရအောင် တိုင်းပြည်နဲ့ပတ်သက်လို့ရှိရင် အဓိက ပညာ ရေး၊ နောက် ကျန်းမာရေး၊ စီးပွားရေး ဒါလည်း တကယ်ငြိမ်းချမ်းရေးရမှ တိုးတက်ဖို့ လုပ်နိုင်မှာ။ လူတိုင်းက သိပ်ပြီး အေးချမ်းချင်ကြတယ်၊ ငြိမ်းချမ်းချင်ကြတယ်၊ အေးချမ်းငြိမ်းချမ်းဖို့ ဆိုတာကလည်း မေတ္တာတရားမှတစ်ပါး အခြားကိစ္စ မရှိဘူးလေ။ ဒါကြောင့်မို့ လာမယ့် ၂ဝ၁၇ ခုနှစ်မှာ ပြည်သူပြည်သားတစ်ရပ်လုံး လိုချင်နေတဲ့ ငြိမ်းချမ်းမှုရအောင် မေတ္တာတရားရှေ့ထားတဲ့ စိတ်ဓာတ်နဲ့ ပြဿနာ ဖြေရှင်းရင်လည်းပဲ အကြမ်းဖက်တဲ့နည်းနဲ့ လက်နက်ကိုင်နည်းနဲ့ မဖြေရှင်းဘဲ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ်လိုရာကို ပြောဆိုပြီးတော့ အချိန်ယူပြီး စိတ်ရှည် လက်ရှည်နဲ့ဆွေးနွေးကြပေါ့။ လာမယ့် ၂ဝ၁၇ ခုနှစ်ကတော့ အခါတိုင်းထက် ထူးခြားတဲ့ နှစ်ဖြစ်ပါတယ်။ နောက်ပြီး ဘာသာရေးနဲ့ ပတ်သက်လို့ရှိရင်လည်း အချင်းချင်းဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုးလေးစားပြီးတော့ အတူယှဉ်တွဲနေနိုင်အောင်ဆိုတာကလည်း ကြိုးစားနေတာပေါ့နော်။ အောင်မြင်ပါစေ၊ မေတ္တာနဲ့ယှဉ်တဲ့ ငြိမ်းချမ်းရေးပေါ့နော်။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ဆောင်ရွက်မှပဲအောင် မြင်နိုင်မယ်။ ငြိမ်းချမ်းရေး အောင်မြင်ဖို့ဆိုတာ တစ်ဦးနဲ့တစ်ဦး ပြောတာ၊ ဆိုတာ၊ လုပ်တာ၊ ကိုင်တာကအစ မေတ္တာနဲ့ယှဉ်ပြီး လုပ်ကြဖို့ကို မမေ့ဖို့ပါဘဲ။ ၂ဝ၁၇ ခုနှစ်က ငြိမ်းချမ်းတဲ့ နှစ်ကို အစပျိုးပြီးတော့ တိုင်းရင်းသားအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး လူသားတိုင်းဟာ ဂုဏ်ရှိတယ်ဆိုတဲ့ အမြင်လေးတွေမွေးပြီး အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။
သတင်း-သီသီမင်း
ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment