Monday, January 2, 2017

မန္တလေး-လားရှိုး-မူဆယ် ကားလမ်းပိုင်း ဂုတ်တွင်း၌ ယာဉ်ကြောပိတ်ဆို့ရာမှ လမ်းပြန်ပွင့်



သီပေါ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၌ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် သွားလာခွင့် ပိတ်ထားသော အတက်ယာဉ်(မူဆယ်သွားယာဉ်)များကို ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဖြစ်၍ ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက ဂုတ်တွင်းလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ယာဉ်တန်း ကြီးမှာ ဂုတ်တွင်းမှ နောင်ချိုမြို့အထိ ရောက်ရှိနေသည်ကိုတွေ့ရပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်ပေးသဖြင့် ယနေ့နံနက်ပိုင်းက ကားလမ်းပွင့်သွားခဲ့သည်။ 

ဂုတ်တွင်းလမ်းတွင် ကွေ့အထပ်ပေါင်း ၃ဝ ကျော် ရှိသည့်အနက် ယာဉ်ကြီးများ ရာနှင့်ချီပြေးဆွဲလာခြင်း၊ အဆင်း/အတက်ရှိ အချို့နေရာများ ကျဉ်းမြောင်းခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်ပေါ်စေခြင်း၊ ယာဉ်ကြောပိတ်ဆို့နေ၍ ယာဉ်ငယ်လေးများ စည်းကမ်းမဲ့ ကျော်တက်ခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို ပိုမို ဖြစ်ပွားစေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတတ်ကြောင်း၊ မန္တလေးမှ အသီးအနှံနှင့် သားငါးတင်ပို့ချိန်များတွင် ယာဉ်ကြော ပိတ်ဆို့မှုနှင့်ကြုံတွေ့ရပါက ငွေကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးနစ်နာရကြောင်း၊ ထို့အပြင် အရေးကြီးလူနာများ အချိန်နှင့်တစ်ပြေးညီပို့ဆောင်ရာတွင် အချိန်မီမရောက်ရှိသဖြင့် အသက်အန္တရာယ်ဆုံးရှုံးခြင်း ဖြစ်စေနိုင်ကြောင်း စသည်ဖြင့် ယာဉ်မောင်းများ၊ ကုန်သည်များနှင့် ခရီးသည်တို့က ပြောသည်။ 

ထို့ကြောင့် လိုင်စင်မဲ့ယာဉ်နှင့် ယာဉ်မောင်းအပါအဝင် စည်းကမ်းမဲ့ယာဉ်ကြီး၊ ယာဉ်ငယ်မဟူ မော်တော်ယာဉ်စည်းကမ်းဥပဒေများအတိုင်း ထိရောက်စွာဆောင်ရွက်မည်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခြင်းမှ လျော့နည်းသွားမည်ဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောကြသည်။ 

စိုင်း(သီပေါ)

No comments:

Post a Comment