Monday, January 2, 2017

ကဗျာဆရာ တင်မိုး ကွယ်လွန်ခြင်း (၁ဝ)နှစ်ပြည့် လွမ်းဆွတ်ခြင်းအမှတ်တရပွဲ ပြုလုပ်



Image may contain: one or more people and indoor
ရန်ကုန် ဇန်နဝါရီ ၁
ကဗျာဆရာတင်မိုး ကွယ်လွန်ခြင်း(၁ဝ)နှစ်ပြည့် လွမ်းဆွတ်ခြင်း အမှတ်တရပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဆရာတင်မိုးကိုချစ်မြတ်နိုးကြသည့် စာပေ၊ အနုပညာ၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ သူငယ်ချင်း၊ မိတ်ဆွေသင်္ဂဟများတက်ရောက်ခဲ့ကြပြီး ကဗျာ ဆရာကြီးတင်မိုးနှင့်အတူ မန္တလေးတက္ကသိုလ်၌ ဆုံတွေ့ကာ အတူပညာဆည်းပူးသင်ယူခဲ့သူ ဆရာဦးသိန်းနိုင် (ဂုဏ်ထူး ဦးသိန်းနိုင်) က အမှတ်တရစကားပြောကြားသည်။
ဆက်လက်၍ ဆရာတင်မိုးနှင့်အတူ မန္တလေးတက္ကသိုလ်မှသည် ကွယ်လွန်သည်အထိ ချစ်ခင်ရင်းနှီးသော သူငယ်ချင်းတစ်ယောက်အဖြစ်သာမက စာပေရေးရာ၊ နိုင်ငံရေးများတွင် အတူဆောင်ရွက်ခဲ့ကြသူများဖြစ်သည့် ဆရာမောင်မိုးသူက ကျောင်းသားဘဝတွင် ဆရာကြီးနှင့် စာပေခရီးဖြတ်သန်းမှုနှင့် အမှတ်တရအကြောင်းများကို လည်းကောင်း၊ မန္တလေးတက္ကသိုလ်မှာသာမက အမေရိကန် ပြည်ထောင်စု၌ ဆရာတင်မိုး၏ နောက်ဆုံးအချိန်ကာလများတွင်လည်း စာပေ၊ ဂီတအနုပညာရပ်များကို စိတ်တူ ကိုယ်တူ လုပ်ကိုင်ခဲ့သည့် ဆရာဦးဝင်းဖေက ဆရာတင်မိုး၏ သုံးကြောင်းကဗျာအကြောင်းနှင့် ကွယ်လွန်ချိန်က အမှတ်တရအကြောင်းများကိုလည်းကောင်း၊ ဆရာတင်မိုးနှင့် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဂုဏ်ထူးတန်းကို ရောက်ခဲ့ဖူးသည့်အပြင် တာဝန်အတူထမ်းဆောင်ခဲ့သူ ဆရာမောင်ခင်မင်(ဓနုဖြူ)က ဆရာတင်မိုးနှင့် ဘဝဖြတ်သန်းခဲ့မှု အမှတ်တရပုံရိပ်များနှင့် စာပေခရီးဖြတ်သန်းခဲ့မှုများအကြောင်းကိုလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် ပေဖူး လွှာမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ် ဆရာတင်မိုး ဆောင်ရွက်ခဲ့စဉ်က ပန်းချီတာဝန်ခံအယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဆရာမြင့်မောင်ကျော်က ဆရာတင်မိုး၏ ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာဘဝနှင့် စာပေခရီး ဖြတ်သန်းမှုအတွေ့အကြုံများမှ အမှတ်တရအကြောင်းများနှင့် ဆရာကြီး၏ ပုံတူရုပ်တုထုလုပ်ခဲ့ရသည့် အကြောင်းများကိုလည်းကောင်း၊ ဆရာကြီး၏ မြန်မာပြည် ၌နေထိုင်ခဲ့သည့် နောက်ဆုံးနှစ်များတွင် အတူသွားလာ နေထိုင်ခဲ့သဖြင့် လွယ်အိတ်ကြီးဟု တင်စားခေါ်ဝေါ်ခံရသည့် ဆရာ ဦးယဉ်မင်းပိုက်က ဆရာတင်မိုး၏ ကဗျာ၊ စာပေခရီးဖြတ်သန်းခဲ့မှုအတွေ့အကြုံ အမှတ်တရများနှင့် စိတ်နေသဘောတို့ကိုလည်းကောင်း၊ အင်းစိန်အကျဉ်း ထောင်အတွင်း ဆရာတင်မိုးနှင့် လေးနှစ်ခန့် နေထိုင်ခဲ့သူ ဆရာစောသက်ထွေး ခေါ် နေခြူး က ဆရာကြီးနှင့် အကျဉ်းထောင်အတွင်းဆုံတွေ့ခဲ့စဉ်က အမှတ်တရ အကြောင်းများနှင့် သွန်သင်ဆုံးမသြဝါဒပေးပုံများ အကြောင်းတို့ကိုလည်းကောင်း၊ ဆရာမောင်ရစ်က ဆရာတင်မိုး၏ အမှတ်တရအကြောင်းအရာများကို လည်းကောင်း အသီးသီးအမှတ်တရစကားများပြောကြားခဲ့ကြသည်။
ထို့နောက် ဆရာတင်မိုး၏ မြေးဖြစ်သူ စန္ဒြာမိုးမြင့်ကလေးနှင့် မာယာတို့က ဆရာတင်မိုး ဖွဲ့ဆိုခဲ့သော ကဗျာတို့ကို ရွတ်ဆိုခြင်း၊ ဆရာဇော်နောင်က ဆရာကြီးအတွက် အမှတ်တရကဗျာရွတ်ဆိုခြင်း၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးဂျင်မီက ဆရာတင်မိုး ကွယ်လွန်ခြင်း (၁ဝ)နှစ်ပြည့် လွမ်းဆွတ်ခြင်းအတွက် ပေးပို့သည့် ကဗျာအား ဆရာမင်းထက်နိုင်က ရွတ်ဆိုခြင်းနှင့် ဆရာကြီး၏ သမီးဖြစ်သူ ဒေါ်မိုးမိုးနှင်းက ကျေးဇူးတင်စကားပြောကြား ခဲ့ကြသည်။
အဆိုပါအခမ်းအနားနှင့်ပတ်သက်၍ ကဗျာဆရာကြီး တင်မိုး၏ အငယ်ဆုံးသမီးဖြစ်သူ ဒေါ်မိုးချိုသင်းက ''အဓိကကတော့ အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့ ကနေ အဖေ့ရဲ့ အရိုးပြာအိုးကိုသယ်လာတာပါ။ အရင် တုန်းက သယ်ခွင့်မရခဲ့ဘူး။ အဖေက သူချစ်တဲ့တိုင်းပြည်ကို ပြန်ချင်တဲ့သူဆိုတော့ အခုကျတော့ အခွင့်အလမ်းသာ နေပြီဖြစ်လို့ အဖေ့ကိုလိုက်ပို့တာပါ။ ဒီကိုရောက်တဲ့အချိန်မှာ အဖေ့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေက အဖေ့အကြောင်းကို ပြောကြမယ် ဆိုကြမယ်ဆိုတော့ အမှတ်တရ အနေနဲ့ လုပ်ဖြစ်သွားတာပါ'' ဟု ဆိုသည်။
ဆရာကြီးတင်မိုးကို မြင်းခြံခရိုင် တောင်သာမြို့နယ် ကန်မြဲဇဂျမ်းရွာ၌ ၁၉၃၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် အဘ စက်ချုပ် ဦးဘအိုနှင့် အမိ ဒေါ်စံထယ်တို့က မွေးဖွားခဲ့သည်။ အမည်အရင်းမှာ ဘဂျမ်းဖြစ်ပြီး မွေးချင်း သုံးဦးအနက် ဒုတိယမြောက်ဖြစ်သည်။
ဆရာကြီး၏ အရိုးပြာအိုးကို မိသားစုဝင်များက အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ပြန်လည်သယ် ဆောင်လာပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ရေဝေးသုသာန်၌ ဂူသွင်းမြှုပ်နှံခဲ့သည့်အပြင် အုတ်ဂူတွင် ဆရာတင်မိုး၏ နာမည်ကြီး သုံးကြောင်းကဗျာတစ်ပုဒ်ဖြစ်သည့် ''ဆေးလိပ်လည်း တို၊ နေလည်းညိုပြီ၊ ငါ့ကိုပြန်ပို့ကြပါလေ''ဟူသည့် ဧည့်သည်ကြီးကဗျာကို ရေးထိုးထားကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)

No comments:

Post a Comment