Monday, January 2, 2017

မုံးကိုးဒေသခံ တိုင်းရင်းသားပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်



Image may contain: 2 people
မူဆယ် ဇန်နဝါရီ ၁
မူဆယ်ခရိုင် မုံးကိုးမြို့တွင် ယခုအခါ နယ်မြေဒေသ အေးချမ်းသာယာလာပြီ ဖြစ်၍ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား ပြည် သူများအား မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ဦးသက်အောင်တို့ အဖွဲ့သည် ဒီဇင်ဘာ ၃ဝ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ တွင် မုံးကိုးမြို့သို့ရောက်ရှိပြီး ထောက်ပံ့ ပစ္စည်းနှင့် အနွေးထည်များပေးအပ်လှူဒါန်းခဲ့သည်။
မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် နယ်မြေဒေသ အေးချမ်းသာယာလာပြီဖြစ်၍ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံ တိုင်းရင်းသားပြည်သူများအား စိစစ်လက်ခံ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခြင်း၊ မြို့မဈေးအတွင်း ငြိမ်းချမ်းစွာ ရောင်းဝယ်လျက်ရှိသည့် ဒေသခံပြည်သူများအား တွေ့ဆုံ အားပေးစကားများပြောကြားပြီး မြို့တွင်း၌ လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဌာန/ ပုဂ္ဂလိကပိုင် အဆောက်အအုံများ၏ အခြေအနေကို လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ယင်းနောက် အမှတ်(၅)ရပ်ကွက်ရှိ ရာစုသစ်အိမ်ရာဝင်းအတွင်း ယာယီဖွင့်လှစ်ထားရှိသည့် စာသင်ကျောင်း၌ ပညာသင်ကြားလျက်ရှိသော အထက (မုံးကိုး)၊ အမက (ဖော်ကျုံး)၊ အမက (ခွဲ)(မန်ဂျပ်)တို့မှ ကျောင်းသား ကျောင်းသူ ၄၇၂ ဦးတို့အား ကြည့်ရှု အားပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်း၊ ပညာသင်ကြားပို့ချ လျက်ရှိသည့် ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေပေးခြင်း၊ တက္ကသိုလ်ဝင်တန်း တက်ရောက်နေသည့် သံဃာ သုံးပါးအတွက် အထူးထောက်ပံ့ငွေ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ အနွေးထည် ၈ဝဝ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မုံးကိုးမြို့ အုပ်ချုပ်ရေး မှူးရုံးသို့ရောက်ရှိခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံကာ အားပေးစကားပြော ကြားသည်။ ဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးခဲ့သည့် ဦးပုကိုင်းလီငယ် မိသားစုအား ငွေကျပ် ငါးသိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအား စားသောက်ဖွယ်ရာများ၊ ရပ်ကွက်(၆)ရှိ ကက်သလစ် (စိန့်ဖရန်စစ်) ဘုရားကျောင်းသို့ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ဒေသခံ စစ်ဘေးရှောင် ပြည်သူများအား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ အနွေးထည် ၁ဝ၄ဝဝ အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မုံးကိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအတွင်း နိုင်ငံတော်အစိုးရ ဌာနများ၊ တပ်မတော်၏ကူညီ စောင့်ရှောက်မှုနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များက ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား၍ လိုအပ်သည့် ထောက်ပံ့မှုများကို ပေးအပ်ခဲ့ကြသည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် စိုးရိမ်မှုများ လျော့နည်းသွားပြီဖြစ်ကြောင်းနှင့် အစိုးရတာဝန်ရှိသူများ၊စေတနာရှင်များအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားကြသည်။
(ခရိုင်/ပြန်ဆက်)

No comments:

Post a Comment