Monday, January 30, 2017

အမှန်တရားအတွက် ကြိုးစားဆောင်ရွက်သူ ဦးကိုနီ



Image may contain: text
မည်သည့် လူ့အဖွဲ့အစည်းမဆို ပြည်သူတို့အကြား လွတ်လွတ်လပ်လပ် ဆန္ဒအလျောက် ထုတ်ဖော်ဆွေးနွေးမှုအရ အများစု၏ သဘောတူညီချက်ဖြင့် ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းတို့ကို လေးစားလိုက်နာရမည်ဖြစ်ပါသည်။ သို့မှသာ လူ့အဖွဲ့အစည်း၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများထွန်းကားမည်ဖြစ်ပါသည်။ လောကပါလ တရားများ ထွန်းကားမှသာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
သို့သော် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို လျစ်လျူရှုလျက် ကိုယ်ကျိုးစီးပွားကိုသာ မျက်နှာမူသော အဖျက်အမှောင့်အင်အားစုတို့သည် အများပြည်သူ၏ သဘောတူညီမှုဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်တို့ကို ရှောင်ရှားပစ်ပယ်လိုကြပါသည်။ ကိုယ်ကျိုးစီးပွားဆိုရာ၌ ဓနဥစ္စာ ပစ္စည်း အကျိုးစီးပွားပါဝင်သကဲ့သို့ အသေဆုပ်ကိုင်ထားသည့် အယူအဆ သဘောထားတို့၏အကျိုးစီးပွားလည်း ပါဝင်ပါသည်။ကိုယ်ကျိုးစီးပွားကိုသာ မျက်နှာမူသော ဤအဖျက်အမှောင့်အင်အားစုတို့သည် ပြည်သူလူထုကို ရင်ဆိုင်စည်းရုံးရန် သတ္တိမရှိသော သူရဲဘောကြောင်သူများသာဖြစ်ပါသည်။ တစ်ခါတစ်ရံ ဤသတ္တိ မရှိ၊ သူရဲဘောကြောင်သော အဖျက်အမှောင့်သမားများသည် ၎င်းတို့၏ ဆန္ဒသဘောထားကို အများပြည်သူတို့က ကြောက်ရွံ့လက်ခံလာစေရန် လုပ်ကြံသတ်ဖြတ်ခြင်းကဲ့သို့သော စက်ဆုပ်ရွံရှာစရာလုပ်ရပ်တို့ကို ကျူးလွန်လေ့ရှိပါသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဤကဲ့သို့သော စက်ဆုပ်ရွံရှာ စရာကောင်းသည့် အဖျက်အမှောင့်သမားတို့၏ လုပ်ကြံမှုဖြင့် တရားလွှတ်တော်ရှေ့နေဦးကိုနီ ကျဆုံးခဲ့ရခြင်းဖြစ်ပါသည်။ တရားလွှတ်တော်ရှေ့နေဦးကိုနီသည် တိုင်းပြည်၏ ဒီမိုကရေစီရေးနှင့် တရားမျှတမှုအတွက် သန္နိဋ္ဌာန်ခိုင်မာစွာ ဆောင်ရွက်လျက်ရှိသော နိုင်ငံ၏ သားကောင်းတစ်ဦးဖြစ်ပါသည်။ ဒီမိုကရေစီရေးနှင့် တရားမျှတမှုဟူသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေသော အမျိုးသားရေးဦးတည်ချက်များ ဖြစ်ပါသည်။ ဦးကိုနီအား လုပ်ကြံသော အဖျက်အမှောင့်သမားတို့သည် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဤအမျိုးသားရေးဦးတည်ချက်တို့ကို ဖျက်လိုဖျက်ဆီးလုပ်လိုသည်မှာ အထင်အရှားဖြစ်ပါသည်။
သို့သော် ပြည်သူလူထု၏ဆန္ဒလိုလားချက်ကို ချေမှုန်းဖျက်ဆီးနိုင်သည့် အဖျက်အမှောင့်အင်အားစုဟူသည် ကမ္ဘာ့သမိုင်း၌ အတိတ်ကာလကမရှိခဲ့သကဲ့သို့ ပစ္စုပ္ပန်ကာလတွင်လည်း ရှိမည် မဟုတ်ပါ။ အနာဂတ်ကာလတွင်လည်း ဖြစ်နိုင်စရာအကြောင်း ယုတ္တိတရားတို့ တည်ရှိခြင်းမရှိပါ။ ဦးကိုနီကဲ့သို့သော အမှန်တရားအတွက် ကြိုးစားဆောင်ရွက်သူများသည်သာ အချိန်ကာလ၏ကန့်သတ်ချက်ကိုကျော်လွှား၍ ကမ္ဘာတည်သရွေ့ ကမ္ဘာ့ပြည်သူတို့၏ နှလုံးသား၌ တည်ရှိနေမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment