Saturday, January 28, 2017

အဖွဲ့ဖျက်သိမ်းကြောင်းတရားဝင်ကြေညာလိုက်တဲ့ Wonder Girls

Image may contain: 4 people, people standing
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့အမျိုးသမီးတေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wonder Girls ဟာ အဖွဲ့ကို ဖျက်သိမ်း တော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ သတင်းတွေ ထွက်လာခဲ့ပြီးနောက် လတ်တလောမှာတော့ အဖွဲ့ကို အပြီးသတ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်တယ်လို့ ကိုရီးယားဘိုးဒေါ့ ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်မှာတော့ Wonder Girls ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဂျေဝိုင်ပီအန်တာတိန်းမန့် က အဆိုပါတေးဂီတအဖွဲ့ရဲ့ စာချုပ်သက်တမ်းပြီးဆုံးခဲ့ပြီ ဖြစ်ကာ စာချုပ်သစ်ထပ်မံချုပ်ဆိုနိုင်ခြင်း မရှိတဲ့အတွက် အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့တာဖြစ်ပါတယ်။
ဂျေဝိုင်ပီအန်တာတိန်းမန့်က အွန်လိုင်းမီဒီယာတစ်ခု ဖြစ်တဲ့ YouTube ပေါ်မှာ တေးဂီတအဖွဲ့ရဲ့ အမှတ်တရ ပုံရိပ်တွေပါဝင်တဲ့ ဗွီဒီယိုဖိုင်တစ်ခုဖြစ်တဲ့ ''THANK YOU FOR BEING SO WONDERFUL'' ကို ဇန်နဝါရီ ၂၆ ရက်က ထုတ်လွှင့်ခဲ့ပြီး Wonder Girls ပရိသတ်တွေကို နှုတ်ဆက်စကားဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အဖွဲ့ဝင်တွေကလည်း အဖွဲ့ဖျက်သိမ်းရတာ နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ကာ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာတော့ ယခုလိုအဖွဲ့ ဖျက်သိမ်းလိုက်ရတဲ့အတွက် ပရိသတ်ကို နောက်ဆုံး နှုတ်ဆက်တဲ့အနေနဲ့ နှုတ်ဆက်သီချင်းတစ်ပုဒ်ကို ထုတ်လွှင့်သွားဖို့ စီစဉ်ထားကြောင်းထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ဒါ့ကြောင့် Wonder Girlsဟာလည်း မကြာ သေးမီက အဖွဲ့ဖျက်သိမ်းလိုက်တဲ့အနေနဲ့ နှုတ်ဆက်သီချင်း ''Goodbye'' ကို ထုတ်လွှင့်ခဲ့တဲ့ 2NE1 ရဲ့ ခြေရာနောက်ကို လိုက်တယ်လို့ ဆိုရမလားပါပဲ။
''Wonder Girls'' တေးဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ပြီး အဖွဲ့ဖျက်သိမ်း တော့မှာဖြစ်တယ်လို့ သတင်းတွေပေါ်ထွက်လာခဲ့ပေမယ့် အဖွဲ့ရဲ့အေဂျင်စီက အဆိုပါကောလာဟလတွေဟာ မမှန် ကန်ကြောင်းနဲ့ လတ်တလောမှာ ဘာကိုမှ ဆုံးဖြတ်ပြီးတာ မရှိသေးဘဲ အဖွဲ့ဝင်တွေနဲ့ စာချုပ်သက်တမ်းဟာလည်း ဇန်နဝါရီ ၁၂ ရက်မှာမှ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့စဉ်က ဆိုခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ အေဂျင်စီနဲ့ ရင်းနှီးတဲ့သူတစ်ချို့ကတော့ Wonder Girls ဟာ အဖွဲ့ကို ဖျက်သိမ်းတော့မှာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၂၆ ရက်မှာ တော့ Wonder Girls ရဲ့ ဖျော်ဖြေရေးအေဂျင်စီက အဖွဲ့ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။
ဂျေဝိုင်ပီအန်တာတိန်းမန့်က ''ကျွန်တော်တို့နဲ့ ဆယ်နှစ်ကြာလက်တွဲလာခဲ့တဲ့ Wonder Girls တေးဂီတ အဖွဲ့ဟာ နောက်ဆုံးမှာတော့ လမ်းခွဲဖို့ဖြစ်လာခဲ့ပါပြီ။ အဖွဲ့ဝင်တွေဟာ အချင်းချင်းရော အေဂျင်စီနဲ့ပါ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ယခုလို ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အဖွဲ့ဝင်လေးဦး အနက်က ယူဘင်နဲ့ ဟေလင်းမ်တို့ကတော့ အေဂျင်စီနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုခဲ့ပေမယ့် အခြားသောအဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ ရီအွန်းနဲ့ စန်းမီကတော့ အေဂျင်စီနဲ့ လမ်းခွဲ လိုက်ပြီဖြစ်ပါတယ်။ Wonder Girls ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်ကြောင်းနဲ့ အဖွဲ့ဝင် တွေရဲ့ ရှေ့ဆက်မယ့် အနုပညာခရီးလမ်းမှာ သူတို့ကို ဆက်လက်အားပေးကြပါလို့ တောင်းဆိုချင်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အဖွဲ့ဖျက်သိမ်းပြီးနောက် နောက်ဆုံး နုတ်ဆက်တဲ့အနေနဲ့ အဖွဲ့ရဲ့နုတ်ဆက်သီချင်းတစ်ပုဒ်ကိုလည်း Wonder Girls ရဲ့ အဖွဲ့တည်ထောင်ခြင်း(၁ဝ)ပြည့်နှစ်ပတ်လည်နေဖြစ်တဲ့ လာမယ့် ဖေဖော်ဝါရီ ၁ဝ ရက်မှာ စတင်ထုတ်လွှင့်သွားမှာဖြစ်ကြောင်းလည်း သိရ ပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment