Saturday, January 28, 2017

စိတ်ချမ်းမြေ့ဖွယ်ရာ လူမှုကာကွယ်ရေးအစီအစဉ်များ



Image may contain: text
နိုင်ငံတော်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ပေးအပ်ခြင်းကို တစ်နှစ်စာ ထောက်ပံ့ပေးအပ်ခြင်းမှ လစဉ်ထောက်ပံ့ပေးမည့် အစီအစဉ်အဖြစ် ပြောင်းလဲထောက်ပံ့သွားမည်ဟု သိရသည်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အသက် (၉ဝ) နှင့် (၁ဝဝ) ကြား သက်ကြီးရွယ်အိုတစ်ဦးလျှင် တစ်နှစ်ငွေကျပ် ၁၅ဝဝဝ နှုန်းဖြင့် ထောက်ပံ့ရာမှ ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် လစဉ်ငွေကျပ် ၁ဝဝဝဝ နှုန်း ထောက်ပံ့သွားရန်ဖြစ်သည်။
၂ဝ၁၅-၂ဝ၁၆ စာရင်းများအရ အသက် (၉ဝ) နှင့် (၁ဝဝ) ကြား သက်ကြီးရွယ်အို လူဦးရေ ၂၂၅၆ဝ နှင့် အသက် (၁ဝဝ) အထက် လူဦးရေ ၁၃၅ဝ ရှိခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ စာရင်းအရ အသက် (၉ဝ) နှင့် (၁ဝဝ) ကြား သက်ကြီးရွယ်အိုလူဦးရေ ၂၃၅၈ဝ နှင့် အသက် (၁ဝဝ) အထက် လူဦးရေ ၁၁၃၅ ဦးရှိသည်ဟု သိရသည်။ ယခု ထိုသက်ကြီးရွယ်အိုများအား နှစ်စဉ်ထောက်ပံ့ရာမှာ လစဉ်သို့ပြောင်းလဲထောက်ပံ့နိုင်ခြင်းမှာ လွန်စွာ ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတစ်ခုပင် ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရက လူမှုကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။ ထိုကော်မတီက ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိသော လူမှုကာကွယ် စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ် ရေးဆွဲချမှတ်ခဲ့သည်။ ထိုမဟာဗျူဟာအရနိုင်ငံတော်အနေဖြင့် ဘတ်ဂျက်ရန်ပုံငွေ အပေါ်မူတည်ပြီး သက်ကြီးရွယ်အိုများအား လစဉ်လူမှုရေးပင်စင်အဖြစ် ပေးအပ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။
ဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံသည်ဆင်းရဲမွဲတေမှုနှုန်း မြင့်မားသောနေရာတွင်ရှိနေသည်။ ယခုသက်ကြီးရွယ်အိုစာရင်းများကိုကြည့်လျှင် တိုင်းဒေသကြီးများတွင် ပို၍လူဦးရေများပြီး ပြည်နယ်များတွင် သက်ကြီးရွယ်အို နည်းပါးသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ ပြည်နယ် အချို့တွင် ဆင်းရဲမွဲတေမှုနှုန်းမြင့်မားလှသည်ဟု သိရရာ ဆင်းရဲမှုနှင့် သက်ကြီးရွယ်အိုလူဦးရေမှာ ပြောင်းပြန်အချိုးကျနေသည်ဟု ဆိုနိုင်ပါသည်။ ဤသို့ သက်ကြီးရွယ်အိုများအတွက် လစဉ်ထောက်ပံ့ခြင်းမှာ သက်ကြီး ရွယ်အိုဘဝတွင် ခံစားရသော မပြည့်စုံမှုများကို အနည်းငယ်သက်သာရာရ စေမည်ဖြစ်ပါသည်။
ကမ္ဘာတွင်လည်း ဆင်းရဲချမ်းသာကွာဟမှုနှင့် တန်းတူမညီမျှမှု ပြဿနာများကို ရင်ဆိုင်နေရခြင်းဖြစ်ရာ နိုင်ငံတိုင်းတွင် လူမှုကာကွယ်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ကြရသည်သာ ဖြစ်ပါသည်။ သတင်းများအရ ဖင်လန်နိုင်ငံတွင် လူ ၂ဝဝဝ ကို ငွေကြေးအလွတ်ကူညီခြင်း အစီအစဉ်ကို နှစ်နှစ်ကြာ ပြုလုပ်မည်ဟု သိရသည်။ ၎င်းမှာ လူမှုဖူလုံရေးအစီအစဉ် ခံစားရသူများထဲမှ လူ ၂ဝဝဝ ကို ကျပန်းရွေးချယ်ပေးအပ်မည့် အစီအစဉ် ဖြစ်သည်။ ၎င်းတို့အား အနိမ့်ဆုံးဝင်ငွေအဖြစ် တစ်လလျှင် ယူရိုဒေါ်လာ ၅၆ဝ စီ ပေးအပ်သွားမည်ဖြစ်ပြီး ၎င်းတို့ အလုပ်အကိုင် ရရှိသွားသည့်တိုင် နှစ်နှစ်ဆက်လက်ထောက်ပံ့မည်ဟု ဆိုသည်။ ဗြိတိန်တွင် လူမှုဖူလုံရေး အကျိုးခံစားနေသူ ငါးသန်းခန့်ရှိသည်။ ၂ဝ၁၅ ခုနှစ်က ဗြိတိန်၏လူမှုဖူလုံရေး ဘတ်ဂျက်မှာ ဒေါ်လာ သန်း ၃၂ဝ ရှိသည်ဟု ဆိုသည်။ လူမှုဖူလုံရေး ဘတ်ဂျက် ထိုမျှများပြားသည့်တိုင်အောင် ပုံမှန်အချိန်ပြည့် အလုပ်အကိုင်ရှိ သူတစ်ဦး၏ အနိမ့်ဆုံးဝင်ငွေနှင့် စာလျှင်ပင် ၎င်းတို့ခံစားရငွေမှာ များစွာ နည်းပါးသည်ဟု ဆိုပါသည်။
ယခု မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်မိခင်လောင်းများကို တစ်လလျှင် တစ်သောင်းခွဲနှုန်းဖြင့် ကလေးမီးဖွားပြီးချိန်မှ ရက်ပေါင်း ၁ဝဝဝ အထိ ထောက်ပံ့မည်ဟူသော အစီအစဉ်များရှိကြောင်းလည်း ကြားသိရသည်။ ဤသည်တို့မှာလည်း နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက်မှ ရနိုင်သလောက်ကို ထုတ်နုတ်၍ သုံးစွဲရခြင်းဖြစ်ရာ အစိုးရ၏ စေတနာကို အသိအမှတ်ြပုရမည်ဖြစ်ပါသည်။
ဤသို့ သက်ကြီးရွယ်အိုများအား ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ထောက်ပံ့ခြင်း အစီအစဉ်များမှာ အမျိုးကို စောင့်ရှောက်ခြင်း၊ အနာဂတ်အတွက် အားမွေးခြင်းပင် ဖြစ်ပါသည်။ ယခင်ခေတ်အဆက်ဆက်က မရှိခဲ့သော လူသားဆန်သည့် ပြုမူဆောင် ရွက်ချက်များပင်ဖြစ်ပါသည်။ နိုင်ငံတော်၏ ဘတ်ဂျက်အရ မများလှသော ထောက်ပံ့ကြေးများဖြစ်သည့်တိုင် တစ်စုံတစ်ရာသော အတိုင်းအတာအထိ အကျိုးရှိမည်ဖြစ်ပြီး စိတ်ကျေနပ်မှု ပီတိဖြစ်မှုကို ခံစားရမည်ဟု မျှော်လင့် မိပါသည်။ ။

No comments:

Post a Comment