Friday, January 27, 2017

နှစ်နိုင်ငံအကြား တူညီသည့်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံတို့သည် မိမိတို့ နှစ်နိုင်ငံကို အတူတကွစုစည်းစေခဲ့



 
 
ရန်ကုန် ဇန်နဝါရီ ၂၆

အိန္ဒိယသမ္မတနိုင်ငံ၏ (၆၈)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲက ရန်ကုန်မြို့ သံတမန်လမ်းရှိ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး နေအိမ်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် သံရုံးတာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးH.E. Mr.VikramMisri တို့သည် စင်မြင့်ထက်၌ နေရာယူကြပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှစပြီး နှစ်နိုင်ငံအကြားတွင် ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးထားရှိခဲ့သည်ကို မှတ်သားမိပါကြောင်း၊ နှစ်နိုင်ငံ အကြား တူညီသည့်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံတို့သည် မိမိတို့နှစ်နိုင်ငံကို အတူတကွ စုစည်းစေခဲ့သည်ဆိုသည်ကို အထူးပြောရန် မလိုပါကြောင်း၊ ထို့အပြင် မိမိတို့နှစ်နိုင်ငံ သည် ဒေသနှင့် က္ဘာကြီးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြော ရေးတို့နှင့်စပ်လျဉ်းပြီး တူညီသော ပြင်းပြသောဆန္ဒသဘောထားများ ရှိကြသည့် နိုင်ငံများလည်း ဖြစ်ကြပါကြောင်း။

မိမိအနေဖြင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ မကြာသေးမီက အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့သည့် ခရီးစဉ်များကို ဝမ်းမြောက်စွာဖြင့် ပြန်ပြောင်းပြောကြားလိုပါကြောင်း၊ အဆိုပါ အဆင့်မြင့်ခရီးစဉ်များသည် နှစ်နိုင်ငံချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းမည်ဆိုသည့် ကတိကဝတ်ပြုမှုကို ထင်ဟပ်ပြနေရုံသာမက နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအသစ်တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ပါကြောင်း၊ နှစ်ပေါင်းများစွာကြာအောင် မိမိတို့နှစ်နိုင်ငံသည် တူညီသည့် တန်ဖိုးထားမှုနှင့် အတွေ့ အကြုံများအပေါ်အခြေပြုပြီး ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာကဏ္ဍများတွင် ကောင်းမွန်သည့်ဆက်ဆံရေးနှင့် ရင်းနှီးစွာဆောင်ရွက်ခဲ့ကြပါကြောင်း။

ယနေ့အချိန်၌ မိမိတို့သည် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ စိုက်ပျိုးရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုစသည့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို မျှော်လင့်လျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံထူထောင်ရေးကြိုးပမ်းမှုများတွင် ကူညီပံ့ပိုးမှု အမျိုးမျိုးနှင့် ပူးပေါင်းဆောင်ရွက်မှုပြုသည့် အိန္ဒိယအစိုးရအဆက်ဆက်၏ ထောက်ခံ မှုနှင့် နားလည်မှုကို တန်ဖိုးထားပါကြောင်း။

အိန္ဒိယနိုင်ငံ ဆတက်ထမ်းပိုး တိုးတက်သာယာဝပြောစေရန်နှင့် ပိုမိုကောင်းမွန် သော နှစ်နိုင်ငံဆက်ဆံရေး ပိုမိုရင်းနှီးလေးနက်သည့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် သံအမတ်ကြီးတို့သည် တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်း၍မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် တက်ရောက်လာကြသူများအား အိန္ဒိယ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment