Saturday, January 28, 2017

သူနာပြုတက္ကသိုလ်(မန္တလေး) နှင်းဆီဆောင်သစ် ဖွင့်ပွဲကျင်းပ



Image may contain: 1 person, standing
နေပြည်တော် ဇန်နဝါရီ ၂၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန သူနာပြုတက္ကသိုလ် (မန္တလေး)၏ နှင်းဆီဆောင်သစ်(၆ ထပ် ကျောင်းသူဆောင်)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ အဆောင်သစ်ရှေ့တွင် ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ အဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ဆေးရုံများ၌ လူနာများအား ပြုစုစောင့်ရှောက်မှု ပေးလျက်ရှိသော သူနာပြုများ၏ အခန်းကဏ္ဍသည် ဆေးကုသမှုအရည်အသွေးမြင့်မားစွာဖြင့် အနီးကပ်စောင့်ရှောက်မှုပေးနိုင် ခြင်း၊ ဆေးရုံဝန်ဆောင်မှုများအပေါ် လူနာများ၏ စိတ်ကျေနပ်နှစ်သက်မှု မြင့်တက်လာစေခြင်းတို့တွင် ဆရာဝန်များထက်ပင် ပိုမိုအရေးကြီးသည်ဖြစ်၍ အရည်အသွေးပြည့်ဝသော သူနာပြုများ လေ့ကျင့်မွေးထုတ်ပေး ရေးအတွက် လိုအပ်သည်များကို ပံ့ပိုး ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ သူနာပြုလုပ်ငန်းများ တိုးတက်စေရန် သုတေသနသည်လည်း အလွန်အရေး ကြီးသည်ဖြစ်၍ သူနာပြုဆိုင်ရာ သုတေသနများကိုလည်း တိုးမြှင့်လုပ်ကိုင်စေလိုကြောင်း၊ 
စာကြည့်တိုက်သည် တက္ကသိုလ် တစ်ခုအတွက် ဦးနှောက်သဖွယ်ဖြစ်ရာ စာကြည့်တိုက်တွင် လေ့လာပြီး ဆွေးနွေးသည့် အလေ့အကျင့် ပြုလုပ်ခြင်းအားဖြင့် မိမိတို့၏ အရည်အသွေးများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အဆောင်သစ်ဖွင့်လှစ်ပေး ခြင်းကိုလည်း အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုကြစေလိုကြောင်း၊ အဆင့်မြင့် သူနာပြုအတတ်ပညာ သင်ကြားရေးအတွက် လိုအပ်သော ပံ့ပိုးမှုများကို နိုင်ငံတော်မှ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပါမောက္ခချုပ်က အဆောင်ဖွင့်ပွဲအထိမ်းအမှတ်အလံများပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ သူနာပြု တက္ကသိုလ် (မန္တလေး)၏ နှင်းဆီဆောင် သစ်သည် ဓာတ်လှေကားပါဝင်ပြီး အလျား၁၂၈ ပေ၊ အနံ ၅၆ပေ၊ အမြင့် ၆၅ ပေရှိ RC (၆ ထပ်) အဆောက်အအုံဖြစ်ကာ နိုင်ငံတော်မှ အကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် သူနာပြုတက္ကသိုလ်(မန္တလေး)၏ နှင်းဆီဆောင် သစ်ဖွင့်ပွဲမစတင်မီ သူနာပြုတက္ကသိုလ်- မန္တလေး၏ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment