Monday, January 30, 2017

အကြမ်းဖက် လူသတ်ဝါဒ ကျဆုံးပါစေ

မြန်မာ့အလင်း အယ်ဒီတာ အာဘော်

ယနေ့ သတင်းဆိုးတစ်ခု ကြားရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေ ဦးကိုနီ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသည့်သတင်း ဖြစ်ပါသည်။ ကနဦး သတင်းများဖြစ်သည့်အတွက် အခြေအနေမရှင်းသေး သော်လည်း ရှေ့နေဦးကိုနီ ကွယ်လွန်သည့်သတင်းကိုမူ အတည်ပြုနိုင် ပါသည်။
နိုင်ငံရေးအမြင်မတူသူ၊ ဘာသာတရားကွဲပြားသူ၊ လူမျိုးကွဲပြားသူများ ကြား လုပ်ကြံသတ်ဖြတ်ကြခြင်းသည် မည်သူကမှ လက်မခံနိုင်သောကိစ္စ ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးတွင် ထိုသို့သော အစဉ်အလာတချို့ရှိခဲ့ရာ ယနေ့တိုင် ကြီးစွာသောဆုံးရှုံးမှုများကို ခံစားနေရတုန်းပင်ဖြစ်သည်။ မည်သူက၊ မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် လုပ်ကြံ သတ်ဖြတ်သည်ဖြစ်ပါစေ မည်သို့မှ လက်မခံနိုင်သည့်ကိစ္စပင် ဖြစ်ပါသည်။
လုပ်ကြံသတ်ဖြတ်ခြင်းသည် ပြဿနာကို ဖြေရှင်းခြင်းမဟုတ်ဘဲတန်ပြန်လက်တုံ့ပြန်မှုများ၊ ဥပဒေကြောင်းအရ အရေးယူမူများဖြင့် အဆိုးသံသရာကိုသာ ရှည်စေသည်။ လူ့အဖွဲ့အစည်းအတွင်း အကြောက် တရား ဖုံးလွှမ်းစေပြီး အမှန်တရားကိုပါ ကွယ်ပျောက်စေပါသည်။ လူငယ်၊ လူလတ်များအတွင်း ဆွေးနွေးငြင်းခုံမှုဖြင့် အဖြေရှာခြင်းထက် အကြမ်း ဖက်နည်းဖြင့် ဖြေရှင်းလိုသောအတွေးအခေါ်များ ပျံ့နှံ့စေသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးသည် စိန်ခေါ်မှုများစွာကို လိမ္မာပါးနပ်စွာ ရင်ဆိုင်ဖြေရှင်းနေရသော အချိန်ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုတွေ စိန်ခေါ်မှုများရှိနေသလို မြန်မာ့အနောက်ဘက် နယ်နိမိတ်ဖြစ်သော ရခိုင်ပြည်နယ် မောင်တောဒေသပြဿနာများကို ကြိုးစားပမ်းစား ဖြေရှင်းနေချိန်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲချမ်းသာကွာဟမှု၊ အဂတိလိုက်စားမှုများ၊ မူးယစ်ဆေးဝါးပြဿနာ များ၊ တရားမဝင်ကုန်သွယ်မှုများ၊ လူ့အသိုင်းအဝိုင်း အချင်းချင်းကြား မသင့်မြတ်မှုများကို အစိုးရအနေနှင့် သဘောထားကြီးစွာ မေတ္တာတရား အခြေခံဖြင့် ဖြေရှင်းနေရချိန်ဖြစ်ပါသည်။
လူ့အဖွဲ့အစည်း၏ နေရာတစ်နေရာ၊ အုပ်စုတစ်စု၊ အသိုင်းအဝိုင်း တစ်ခုခု၏ မကျေနပ်မှု၊ အာဃာတတရားထားရှိမှု၊ လက်စားချေလိုမှုသည် ကျန်အသိုင်းအဝိုင်းအားလုံးသို့ မကောင်းသော အကျိုးသက်ရောက်မှု ပျံ့နှံ့သွားစေခြင်းဖြစ်ရာ များစွာသတိထားရန်လိုသော ကိစ္စများဖြစ်ပါ သည်။ အထူးသဖြင့် အစွန်းရောက်ဘာသာရေးအတွေးအခေါ်၊ အစွန်း ရောက် လူမျိုးရေးအတွေးအခေါ်များ အပါအဝင် အစွန်းရောက်အယူအဆ မှန်သမျှ ယနေ့ခေတ်ကာလနှင့် အံမဝင်တော့သော အချိန်ဖြစ်ပါသည်။ ဤအတွေးအခေါ်များသည် လူထုတစ်ရပ်လုံး၏ အေးချမ်းစွာနေလိုမှု၊ လွတ်လပ်ပျော်ရွှင်စွာ အသက်မွေးဝမ်းကျောင်းမှု၊ လူ့အသိုင်းအဝိုင်း အားလုံးကြား သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်လိုမှု စိတ်ဆန္ဒများနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဝေးကွာလွန်းလှပါသည်။
ယနေ့အဖြစ်အပျက်သည် လွန်စွာစိတ်မကောင်းဖွယ် ဖြစ်ရပ် ဖြစ်သည်။ မည်သည့်လူမျိုး၊ မည်သည့်ဘာသာ ကိုးကွယ်သူဖြစ်ပါစေ အစိုးရတွင် တရားခံနှင့် နောက်ခံအသိုင်းအဝိုင်းများကို ဖော်ထုတ်ရန် တာဝန်ရှိလာပါသည်။
ဤသို့သော လုပ်ကြံသတ်ဖြတ်သည့် အစဉ်အလာများကို မြန်မာ့ လူ့အဖွဲ့အစည်းမှ လက်မခံကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြရန် လိုပါသည်။ အစိုးရတာဝန်ကြီးကြီး ယူထားသူများကြား နောင်ဤသို့ မဖြစ်စေရန်အတွက် လုံခြုံရေးအစီအစဉ်များ အထူးတင်းကျပ်ရန် လိုအပ် လာပါသည်။
ဤအဖြစ်အပျက်မှ သင်ခန်းစာယူ၍ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေး၊ မတူကွဲပြားမှုများကြား မျှတစွာပေါင်းစည်း လုပ်ဆောင်ရေး၊ လက်ရှိအစိုးရ၏ မေတ္တာတရားအခြေခံသော အုပ်ချုပ်မှု ကို နားလည်သဘောပေါက်စေရေးလုပ်ငန်းများ အဆက်မပြတ် ပညာပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း တင်ပြရပါသည်။ အကြမ်းဖက် လူသတ်ဝါဒ ကျဆုံးပါစေ။ ။

No comments:

Post a Comment