Saturday, January 28, 2017

အာဆီယံဖူဆယ်ပြိုင်ပွဲ မြန်မာအသင်း ပထမဆုံးဗိုလ်လုပွဲတက်



Image may contain: 2 people, people playing sports
ဗန်ကောက် ဇန်နဝါရီ ၂၇
၂ဝ၁၆ အာဆီယံဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပရာ မြန်မာအသင်းဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ မြန်မာအသင်းသည် ပြိုင်ပွဲတစ်လျှောက်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် တီမောအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ရှစ်ဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ တီမောအသင်း ကလည်း ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့သောကြောင့် အားကုန်ထုတ်ကစားခဲ့ရာ မြန်မာအသင်း ပွဲအစပိုင်းတွင် ရုန်းကန်ခဲ့ရသည်။ တီမောအသင်းသည် မြန်မာအသင်းတိုက်စစ်ကို ၁၂ မိနစ်အထိ တောင့်ခံနိုင်ခဲ့ပြီး ၁၃ မိနစ်တွင် နိုင်ရဲကျော်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ တစ်မိနစ်အကြာတွင် တီမောအသင်းက ချေပဂိုး ပြန်သွင်းခဲ့သောကြောင့် မြန်မာအသင်းရုန်းကန်ခဲ့ရသော် လည်း ၁၇ မိနစ်တွင် အောင်ဇင်ဦး၊ ၁၉ မိနစ်တွင် အောင်အောင်တို့က ဂိုးများထပ်မံသွင်းယူခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်း သုံးဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နေသည်။ ဒုတိယအပိုင်းအစတွင် မြန်မာအသင်းက စိတ်ကြိုက်ဖိကစားသွားနိုင်ခဲ့ပြီး ၂၄ မိနစ်တွင် ငြိမ်းမင်းစိုး၊ ၂၅ မိနစ်နှင့် ၃၁ မိနစ်တွင် ပြည့်ဖြိုးမောင်တို့က ဂိုးများထပ်မံ သွင်းယူခဲ့ပြီး ၃၃၊ ၃၄ မိနစ်တွင် နှစ်ဂိုး ပြန်ပေးခဲ့ရသည်။ မြန်မာ အသင်းအတွက် အနိုင်ဂိုးများကို ၃၅ မိနစ်တွင် အောင်အောင်နှင့် ၃၇ မိနစ်တွင် စိုင်းဖြိုးအောင်တို့က သွင်းယူ ပေးခဲ့သည်။ မြန်မာအသင်းသည် အာဆီယံဖူဆယ်ပြိုင်ပွဲတွင် အမြင့်ဆုံး ဆီမီးဖိုင်နယ်သာ တက်ရောက်ဖူးပြီး ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
(ရဲရင့်ရှိုင်း)

No comments:

Post a Comment