Saturday, January 28, 2017

ကလေးစာပေပွဲတော် ပထမနေ့ လာရောက်သူများဖြင့် စည်ကားများပြား



Image may contain: 1 person
မန္တလေး ဇန်နဝါရီ၂၇
ကလေးစာပေပွဲတော် ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပထမနေ့ကို မန္တလေးမြို့ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ် (MIIT) တွင် ကျင်းပရာ ပြပွဲစတင်ချိန် နံနက်ပိုင်းမှ ပြပွဲသိမ်း ချိန် ညနေ၅နာရီအထိ လာရောက် လေ့လာသူများ၊ ပါဝင်ဆင်နွှဲသူများနှင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် မန္တလေးမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေး အစီအစဉ် ၂၆၊ ဒေါ်မမနိုင် ရုပ်သေးအဖွဲ့မှ ဖျော်ဖြေ တင်ဆက်မှု၊ မျက်လှည့်ဆရာများ၏ တင်ဆက်မှုများကို ပွဲတော်လာသူများက တစ်ခဲနက်အားပေးခဲ့ကြသည်။ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများမှ ပါဝင်ယှဉ်ပြိုင်ကြသည့် ပုံပြင် ပြောပြိုင်ပွဲ၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားကျောင်းသူများ ပါဝင် ယှဉ်ပြိုင်ကြသည့် ကျပန်းစကားပြော ပြိုင်ပွဲ၊ ကျောင်းသားကျောင်းသူများနှင့် ပွဲတော်လာကလေးများ၏ စက္ကူ ခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပဟေဠိပြိုင်ပွဲများနှင့် စုပေါင်းယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး တာဝန်ရှိသူများက အမှတ်ပေးခြင်း၊ ဆုများပေးအပ်ခြင်း များဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။
စာရေးဆရာညီစေမင်းက တိုင်းရင်းသားစည်းလုံးမှုကို ဖော်ညွှန်းနေသော တိုင်းရင်းသားပုံပြင်များ၊ ကဗျာ ဆရာမင်းနဒီခက ''ကျွန်တော်နှင့် ကလေးကဗျာဖြတ်သန်းမှု'' ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို လည်းကောင်း ဆရာအောင်မြင့်ဦး၊ ဆရာမမကို၊ ဆရာမနှင်းဆီအောင်တို့က ''ကလေး အားလုံးခိုလှုံစေချင် စာကြည့်တိုက်ရင် ခွင်'' ခေါင်းစဉ်ဖြင့် ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို လည်းကောင်း ကျင်းပခဲ့ရာ ပွဲတော်လာ ရောက်သူများက စိတ်ဝင်တစားနား ထောင်ခဲ့ကြသည်။
ပွဲတော်ကို အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ နှုတ်မှုရေးရာစွမ်းရည်များ မြင့်မားလာစေရန်နှင့် စာပေနှင့်ရင်းနှီးပြီးပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ဖန်တီးပေးရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကကျောင်းများ၊ အသင်းအဖွဲ့များနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ စာကြည့်တိုက်များ မန္တလေးမြို့ အ.ထ.က (၂၆)မှ ခင်း ကျင်းပြသည့် လိပ်ပြာမျိုးစုံ၊ အင်းဆက်များပြခန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးပြခန်းများ၊ စာအုပ်ထုတ်ဝေရေးနှင့်ဖြန့်ချိရေး လုပ်ငန်းများမှ စာအုပ်အရောင်းဆိုင်များ၊ စားသောက်ဖွယ်ရာ အရောင်းဆိုင်များ ဖွင့်လှစ်ပြသရောင်းချခဲ့ကြကြောင်း တွေ့ရသည်။
အေးမြ (မန္တလေး)

No comments:

Post a Comment