Sunday, January 1, 2017

ရန်ကုန်မြို့နေပြည်သူများ နှစ်သစ်ကူးကြိုဆိုပွဲ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲ



Image may contain: one or more people, crowd and outdoor
ရန်ကုန် ဒီဇင်ဘာ ၃၁
၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးအကြို Happy New Year ညကို ရန်ကုန်မြို့နေပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြရာ အင်းလျားကန်ပေါင်၊ ပြည်သူ့ရင်ပြင်၊ ကန်တော်ကြီး မျှော်စင်ကျွန်း၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ၊ မိုင်ဒါကွင်း အစ ရှိသည့်နေရာများတွင် အထူး စည်ကားလျက်ရှိသည်။
ယနေ့နံနက်ပိုင်းက ဘုရားစေတီ ပုထိုးများတွင် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပြီး မွန်းလွဲပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်၊ ရုပ်ရှင်ရုံများနှင့် ပန်းခြံများ၌ အပန်းဖြေအနားယူကြ သူများဖြင့် စည်ကားလျက်ရှိကာ ညပိုင်းတွင်လည်း အဆိုတော်များ၏ တေးဂီတဖျော်ဖြေပွဲများဖြင့် နေရာအလိုက် ကျင်းပတင်ဆက်နေမှုများကို တွေ့မြင်ရသည်။
''ဒီမနက်မှာ မိသားစုတွေနဲ့ လျှောက်လည်ကြတယ်။ အခုကသူငယ်ချင်းတွေနဲ့ ကိုလေးဖြူတို့ Iron Cross ပွဲကို လာအားပေးတာပါ။ မိုင်ဒါကွင်းနဲ့ မျှော်စင်ကျွန်းကိုတော့ အချိန်မရလို့ မသွားတော့ဘူး။ အခုလို ပွဲမျိုးတွေလုပ်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အထူးကျေးဇူး တင်ပါတယ်။ သူတို့တွေ လုပ်ပေးလို့ အဆိုတော်တွေနဲ့အတူ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး Happy New Year အော်ရတာပေါ့။ မြန်မာ ပြည်ကြီး ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်''ဟု ပြည်သူ့ရင်ပြင်သို့ လာရောက်လည်ပတ်သူ ကိုဝင်းခိုင်က ပြောသည်။
အဆိုပါ Happy New Year ညကို ရန်ကုန်တိုင်းဒေသကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ အေးချမ်းစွာ ပျော်ရွှင်နိုင်ရန် မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက လုံခြုံရေး ကို အထူးဂရုပြု ဆောင်ရွက်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။
(ဇာနည်မောင်)

No comments:

Post a Comment