Monday, January 2, 2017

လူတိုင်း လူတိုင်းက မိမိ၏ ဒေါသ၊ လောဘ ပျောက်အောင်လုပ်မည်ဆိုလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး မြန်မြန်ဆန်ဆန် အောင်မြင်မည်



မိမိတို့အချင်းချင်းအကြား မှန်မှန်ကန်ကန်၊ ဖြောင့်ဖြောင့်မတ်မတ်၊ ပွင့်ပွင့်လင်းလင်း၊ ဖြူဖြူစင်စင် ဆက်ဆံနိုင်ရန်လို
Image may contain: 2 people, people standing and wedding

နေပြည်တော် ဇန်နဝါရီ ၁
ငြိမ်းချမ်းရေးဖြစ်စဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ဆိုသည်မှာ အဖွဲ့အစည်းတစ်ခုနှင့်လည်း လုပ်၍မရကြောင်း၊ အဖွဲ့အစည်းအချို့နှင့်လည်း လုပ်၍မရကြောင်း၊ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်နေသည့် ပုဂ္ဂိုလ်များအားလုံး ဝိုင်းဝန်းကြိုးစားမှရမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ အောင်မြင်မည်ဆိုသည်ကို မိမိယုံကြည်ပြီးသားဖြစ်ကြောင်း၊ ဘယ်လောက်အချိန်ယူရမလဲဆိုသည်ကိုသာ မသိခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် အချိန်မဆွဲသင့်တော့ဘူးဟုထင်ကြောင်း၊ မိမိတို့ ယခင်နှစ် ပင်လုံညီလာခံကို စလုပ်တုန်းကလည်း တချို့က စောသေးသည်၊ အချိန်နည်း နည်းပေးပါဟု ပြောကြကြောင်း၊ မစောဘူး၊ နောက်ကျနေပြီဟု မိမိပြောခဲ့ကြောင်း၊ ဒီလိုညီလာခံကြီးဖြစ်မြောက်သင့်သည်မှာ ကြာပြီဖြစ်၍ တစ်ရက် နောက်ကျလျှင်တောင် နောက်ကျလွန်းနေပြီဟုပြောပြီး ဖြစ်မြောက်အောင် လုပ်ခဲ့ကြောင်း။
အလားတူ ယခုလုပ်ရမည့်ကိစ္စများကိုလည်း မလိုအပ်တဲ့ အဆောတလျင် လုပ်ခြင်းမဟုတ်ဘဲ အမြန်ဆုံးလုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေး လိုအပ်ခဲ့သည်မှာ လွတ်လပ်ရေးရကတည်းကပင်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၇ဝ ခန့်ရှိနေပြီဖြစ်ကြောင်း၊ ယခုအချိန်အထိ ငြိမ်းချမ်းရေးလည်း မရသေးသည်မှာ အချိန်လွန်လာပြီဟုထင်ကြောင်း ပြောကြားသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အဆိုပါဌာန၌ ကျင်းပစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအထိမ်းအမှတ် သံလွင်ပင်ကို ပြည်ထောင်စုတိုင်းရင်းသား တိုင်းရင်းသူများခြံရံ၍ စိုက်ပျိုးပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် ဤနေ့ကိုရွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကို ဖွင့်ရသည့် အကြောင်းအရင်းသည် မိမိတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုများ ယခုနှစ်တွင် အောင်မြင်ပါစေဆိုသည့် စိတ်ထားဖြင့် ရွေးချယ်ရခြင်းဖြစ်ပါကြောင်း၊ အောင်မြင်ရန်အတွက်လည်း အားလုံးက ဝိုင်းဝန်းပြီး ကူညီရန် လိုအပ်သည်ကို အထူးအထွေ ပြောရန် မလိုအပ်ပါကြောင်း။
မျှော်လင့်ချက်ဆိုသည်မှာ ထပ်တလဲလဲ ပြန်ပြီးရှင်သန်၍ ရပါကြောင်း၊ သို့သော် ကုန်သွားသည့် အချိန်များမှာ ပြန်ပြီး မရနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် အချိန်ကို မဖြုန်းရန် အင်မတန်အရေးကြီးပါကြောင်း၊ ယခုနှစ်တွင် မိမိတို့ ဘယ်လောက်အထိ အောင်မြင်မှုရချင်သလဲ ဆိုသည်ကို သန္နိဋ္ဌာန်ချပြီး ကိုယ်လိုချင်သည့်အောင်မြင်မှုရအောင် ကြိုးစားရမည်ဖြစ်ပါကြောင်း။
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည့် အသုံးအနှုန်းကို သုံးထားပါကြောင်း၊ တချို့က အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဟု သုံးကြပါကြောင်း၊ ပြန်လည်ရင်ကြားစေ့ရေးဟု သုံးသုံး၊ ပြန်လည်သင့်မြတ်ရေးဟု သုံးသုံး ယခင်က သင့်မြတ်ဖူးသည်၊ ယခင်က ရင်ကြားစေ့ရေး ရှိဖူးသည်၊ နောက် ပျောက်ကွယ်သွားသဖြင့် ပြန်ပြီး ပြန်လည်ရရှိအောင် လုပ်သည်၊ ကြိုးပမ်းသည်ဟု အဓိပ္ပာယ် ဆောင်သလားဟု မိမိ စဉ်းစားပါကြောင်း။
ထိုသို့ဆိုလျှင် လုံးဝမှန်ကန်သည်ဟု ပြော၍မရပါကြောင်း၊ မိမိတို့သည် တစ်ချိန်တစ်ခါက တကယ့်ကို မှန်ကန်သင့်မြတ်သည့် ရင်ကြားစေ့ရေးရခဲ့ပြီ လားဆိုလျှင် လွတ်လပ်ရေးကာလကတည်းကစပြီး လုံးဝရရှိခြင်း မရှိသေးပါကြောင်း၊ ပြန်လည်ပြီး တည်ဆောက်ရမယ့် ကိစ္စ၊ အသစ်တည်ဆောက်ရမည့် ကိစ္စ ဖြစ်ပါကြောင်း။
တစ်နည်းအားဖြင့် အသစ်တည်ဆောက်သည်မှာ ပြန်လည်တည်ဆောက်ခြင်းထက် လွယ်သည်ဟု ပြော၍ ရပါကြောင်း၊ ပြန်လည်တည်ဆောက်ခြင်းမှာ ယခင်ရှိပြီးသား အဆောက်အအုံကြီးအပေါ် ပြန်ပြင်ပြီး ဆောက်ရခြင်းဖြစ်၍ အခက်အခဲ ရှိနိုင်ပါကြောင်း၊ အသစ်တည်ဆောက်ပါက ကိုယ်လိုချင်သည့်ပုံစံကိုချပြီး တည့်တည့်မတ်မတ်တည်ဆောက်သွားလျှင် ပိုပြီးလွယ်ကူနိုင်ပါကြောင်း၊ ပြန်လည်တည်ဆောက်သည့်အနေဖြင့် ကြည့်ကြည့်၊ အသစ်တည်ဆောက်သည့်အနေဖြင့် ကြည့်ကြည့် ကြိုးစားရမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ အဓိကမှာ စိတ်ဆန္ဒပင်ဖြစ်ပါကြောင်း၊ တကယ်ပြန်လည်တည်ဆောက်ချင်သည့် ဆန္ဒရှိသလားဆိုသည်ကို မိမိတို့ဘာသာ ပြန်ပြီးသုံးသပ်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
လူတိုင်း လူတိုင်းက မိမိ၏ ဒေါသ၊ လောဘ ပျောက်အောင်လုပ်မည်ဆိုလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကို မြန်မြန်ဆန်ဆန် အောင်မြင်မည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သည့်အခါ ကိုယ်က ဘာပေးနိုင်သလဲ၊ ကိုယ်က ဘယ်လိုပံ့ပိုးပေးနိုင်သလဲ၊ ကိုယ်က ဘယ်လောက် အနစ်နာခံနိုင်သလဲ၊ ကိုယ်က ဘယ်လောက် စွန့်လွှတ်နိုင်သလဲဆိုသည်ကို စဉ်းစားရန်လိုပါကြောင်း၊ ဟိုဘက်က ဘယ်လောက်ပေးမှာလဲ၊ ဟိုဘက်က ဘယ်လောက်ရနိုင်မှာလဲ၊ ဟိုဘက်က ငါတို့အတွက် ဘာတွေလုပ်ပေးနိုင်မှာလဲ ဆိုသည့်ပုံစံဖြင့် သွားမည်ဆိုလျှင် အောင်မြင်မှု မရနိုင်ပါကြောင်း။
ဤ NRPC စင်တာ အဆောက်အအုံကြီးကို အလုပ်လုပ်နိုင်သည့် အခြေအနေရောက်ရန် အများကြီး ကြိုးစားခဲ့ရပါကြောင်း၊ ထိုသို့ကြိုးစားသော်လည်း အားလုံးက ပြီးမြောက်သေးခြင်း မရှိသေးပါကြောင်း၊ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း ပိုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို သင့်တော်သည့်လုပ်ငန်းများ ပြီးစီးနိုင်ရန်၊ လုပ်ငန်းများကို ပံ့ပိုးနိုင်ရန် အဆောက်အအုံကြီးကို တည်ထောင်ရန် ကြိုးစားခြင်းဖြစ်ပါကြောင်း။
တချို့က မေးပါကြောင်း၊ ပင်လုံညီလာခံကြီး အောင်မြင်ပြီးလျှင် မိမိတို့ လိုချင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်ပြီးလျှင် ဤ NRPC က မလိုတော့ဘူးလားဆိုပြီး မေးခွန်းထုတ်သူများ ရှိပါကြောင်း၊ ယင်းကို ယခုအချိန်တွင် မိမိပြော၍ မရသေးပါကြောင်း၊ သို့သော် ယခုတည် ဆောက်လိုက်သည့်၊ တည်ဆောက်နေဆဲမှ တည်ဆောက်ပြီးသည့်အခါတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဆက်ပြီး ထိန်းသိမ်းထားရန် အများကြီး လိုအပ်မည်ဖြစ်ပါကြောင်း။
စောစောက သံလွင်ပင်ကို စိုက်ခဲ့ပါကြောင်း၊ သံလွင်ပင်၏ အရေးပါပုံကို အပင်စိုက်စဉ်အခါက ရှင်းပြသွားပါကြောင်း၊ သို့သော် ဤသံလွင်ပင်လေးသည် ဒီနေ့စိုက်ပြီး ပစ်ထား၍ မရပါကြောင်း၊ ဒီနေ့စိုက်ပြီး ပြန်လှည့်မကြည့်လျှင် မကြာခင် သေသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့က ဆက်ပြီး သံလွင်ပင်လေးကို ရှင်သန်အောင် လုပ်ရမည်ဖြစ်ပါကြောင်း။
မိမိတို့သည် သဘာဝမြေသြဇာဖြင့် ဤသံလွင်ပင်လေးကို ရှင်သန်အောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ ရေကိုလုံလောက်အောင် ပေးရမည်ဖြစ်ပြီး သိပ်အလွန် အကျွံပေး၍ မရပါကြောင်း၊ ယင်းမှာ အပင်များ၏ သဘောတရားပင်ဖြစ်ပါကြောင်း၊ ဘာမဆို သင့်တော်အောင်လုပ်မှ ဤအပင်လေးများ ရှင်သန်နိုင်မည်၊ ဖွံ့ဖြိုးနိုင်မည်၊ အသီးအပွင့်များနှင့် ဝေဆာနိုင်မည်ဖြစ်ပါကြောင်း၊ အလွန် အကျွံလုပ်၍လည်း မရနိုင်ပါကြောင်း။
ယခု ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး အရေးကြီးဆုံးမှာ ယုံကြည်မှု တည်ဆောက်ရန်နှင့် ယင်း၏အခြေခံမှာ ဖြောင့်မတ်ခြင်းဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး သံလွင်ပင်လေးကိုရှင်သန်စေချင်လျှင် အရေးကြီးသည်မှာ မိမိတို့ အချင်းချင်းအကြား မှန်မှန်ကန်ကန်၊ဖြောင့်ဖြောင့်မတ်မတ်၊ ပွင့်ပွင့်လင်းလင်း၊ ဖြူဖြူစင်စင် ဆက်ဆံနိုင်ရန် လိုပါကြောင်း၊ ကိုယ်လိုချင်တာရှိလျှင်လည်း လိုချင်သည်ဟု ပြော၍ရပါကြောင်း၊ လူဖြစ်သည့်အတွက် လိုချင်တာရှိပါကြောင်း၊ မိမိတို့ဆန္ဒချင်းမတူ၍ ငြိမ်းချမ်းရေးများ ပျက်ပြားခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ကိုယ်လိုချင်တာနှင့် သူလိုချင်တာ မတူသဖြင့် သို့မဟုတ် သူလိုချင်တာကို ကိုယ်ကလည်း လိုချင်ပြီး လုသဖြင့် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ပျက်ပြားခဲ့ခြင်းဖြစ်ပါကြောင်း။
၂ဝ၁၇ ခုနှစ်၏ ပထမဦးဆုံးနေ့မှစပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဖြူစင်သည့် စိတ်ဓာတ်များနှင့် ဆက်ပြီးသွားကြစို့ဟု တိုက်တွန်းချင်ပါကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေး သင်္ကေတသည် ချိုးဖြူလေးဖြစ် ပါကြောင်း၊ ဖြူစင်ခြင်းဟု ဆိုချင်ပါကြောင်း၊ ဖြူစင် သန့်ရှင်းခြင်းဆိုသည်မှာ တစ်ယောက်နှင့် တစ်ယောက်အပေါ် ဖြူစင်သန့်ရှင်းသော စိတ်ထားများမထားဘဲ တကယ့်စစ်မှန်သည့် ငြိမ်းချမ်းရေးကို မရနိုင်ပါကြောင်း၊ ခိုင်မြဲသည့်ငြိမ်း ချမ်းရေးကို မိမိတို့ မတည်ဆောက်နိုင်ပါကြောင်း။
ငြိမ်းချမ်းရေးအတွက် ဖြူစင်သည့် စိတ်ထားများ ထားချင်လျှင် မိမိကိုယ်ကို တစ်ချိန်လုံး သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ လောဘကို အလှူဒါနဖြင့် အောင်နိုင်စေရာ၏ဟုဆိုသည့်အတိုင်း ကိုယ့်လောဘများနှင့် လိုချင်စိတ်များကို ပေးကမ်းချင်သည့်စိတ်၊ တခြားသူ၏ ဆန္ဒများကို တတ်နိုင်သလောက် မှန်မှန်ကန်ကန် နည်းလမ်းဖြင့် ဖြည့်ဆည်းပေးချင်သည့်စိတ်များဖြင့် အောင်နိုင်ယူရမည်ဖြစ်ပါကြောင်း။
မိမိတို့၏ ဒေါသများကိုလည်း မေတ္တာထားခြင်းဖြင့် အောင်နိုင်ယူရမည်၊ လောဘနှင့် ဒေါသကို အောင်နိုင် နိုင်မည်ဆိုလျှင် မိမိတို့နိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိစရာအကြောင်း ဘာမျှမရှိပါကြောင်း၊ ယင်းစိတ် နှစ်ခုသာ ပျောက်ကွယ်သွားမည်ဆိုလျှင်၊ လုံးဝပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ အများကြီးလျော့ကျသွားမည်ဆိုလျှင် မိမိတို့၏ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ အောင်မြင်မည်ဟု လုံးဝယုံကြည်ပါကြောင်း။
အချိန်တွေ လွန်လာသည့်အတွက် ယခုနှစ်တွင် ငြိမ်းချမ်းရေး ပန်းတိုင်ကို တကယ့်ကို တည့်တည့်မတ်မတ်သွားနိုင်ပြီဆိုသည့် အခြေအနေဖြစ်အောင် ဝိုင်းဝန်းပြီး ကြိုးစားစေချင်ပါကြောင်း၊ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်တော့မည်၊ တည့်တည့်ဖြောင့်ဖြောင့် လမ်းပေါ်ကို ရောက်နေပြီဆိုလျှင် အားလုံးဝိုင်းပြီး အမြန်ဆုံးဖြစ်အောင် ကြိုးစားရမည်၊ တည့်တည့်မတ်မတ် လမ်းပေါ်ရောက်ရန်မှာ အကြီးဆုံးစိန်ခေါ်မှုပင် ဖြစ်ပါကြောင်း။
ယင်းစိန်ခေါ်မှုများကို ဤအဆောက်အအုံထဲမှ ဗဟိုပြုပြီး မိမိတို့ ရင်ဆိုင်သွားမည် ဖြစ်ပါကြောင်း၊ ရင်ဆိုင်သည့်အခါတွင်လည်း နိုင်ငံသူ နိုင်ငံသားအားလုံး၏ အကူအညီဖြင့်၊ တစ်ကမ္ဘာလုံးမှာရှိ သည့် မိမိတို့နိုင်ငံအပေါ် တကယ့်ကို စေတနာထားသည့် မိတ်ဆွေများ၏ဝန်းရံမှုဖြင့် မိမိတို့အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရအောင် လုပ်သွားမည်ဆိုသည်ကို ပြည်သူ ပြည်သားအားလုံးသိအောင် ပြောချင်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ငြိမ်းချမ်းရေးဗဟိုဌာနအတွင်း လှည့်လည်ကြည့်ရှုသည်။
ယဉ်ကျေးမှုတိုင်းတွင် ငြိမ်းချမ်းရေးအမှတ်သင်္ကေတများ ကိုယ်စီကိုယ်င ရှိနေတတ်ပြီး နိုင်ငံတကာအသိအမှတ်ပြု အမှတ်သင်္ကေတတစ်ရပ်မှာ သံလွင်ခက်ကိုကိုက်ချီ၍ ပျံသန်းနေသော ချိုးငှက်ဖြူဖြစ်သည်။ သံလွင်ခက်ကို ကိုက်ချီ၍ ပျံသန်းနေသော ချိုးငှက်ဖြူသည် ငြိမ်းချမ်းရေးအထိမ်းအမှတ် သင်္ကေတများအနက် ရှေးအကျဆုံးသင်္ကေတလက္ခဏာ တစ်ခုဖြစ်ပြီး အောင်ပွဲ၏ အထိမ်းအမှတ်အဖြစ်လည်း အမှတ်သညာပြုကြသည်။
သံလွင်ပင်သည် ဖျက်ဆီး၍ မရနိုင်သော အပင်၊ ခံနိုင်ရည်ရှိသော အပင်၊ လူတို့အတွက် အကျိုးပြုသောအပင်၊ ငြိမ်းချမ်းရေးအသွင်ဆောင်သောအပင်၊ လောကအကျိုး သယ်ပိုးသောအပင်အဖြစ်လည်း မှတ်ယူကြသည်။ အရွယ်ရောက်ပြီး သံလွင်ပင်၏ အမြင့်မှာ ပေ ၅ဝ နှင့် ပင်စည်လုံး ပတ် ၃၃ ပေခန့်ရှိ၍ အနှစ် ၂ဝဝဝ ကျော်အထိ ရှင်သန်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဦးစီးဆောင်ရွက်မည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment