Tuesday, January 31, 2017

ငြိမ်းချမ်းရေးပန်းများမျှဝေစိုက်ထူ




မြန်မာ-ဂျပန် ချစ်ကြည်ရေး သစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ဗိုလ်ရှုသဘင်အနီးတွင်ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုမဲရောရှိအမျိုးအစား ချယ်ရီပင်ကို စိုက်ပျိုးပေးခဲ့သည်။ အလားတူ ပြီးခဲ့သည့်လများကလည်း ငြိမ်းချမ်းရေးအထိမ်းအမှတ် သံလွင်ပင်ကို နေပြည်တော်တွင် စိုက်ပျိုးပေးခဲ့သည်။
ဤကဲ့သို့သော အထိမ်းအမှတ်သစ်ပင်များစိုက်ပျိုးခြင်းကို အရိပ်ရ အပင်များစိုက်ပျိုးကြသည့် အခြားအပင်များ စိုက်ပျိုးခြင်းကဲ့သို့ မှတ်ယူခြင်း မပြုဘဲ နှစ်နိုင်ငံအကြား၊ နိုင်ငံများအကြား၊ လူမှုအသိုင်းအဝိုင်းအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်သဘောအားဖြင့် ပြုစုပျိုးထောင်စိုက်ပျိုး ခြင်းဖြစ်သည်ဟု ခံယူကြသင့်သည်။ ချယ်ရီပင်စိုက်ပျိုးခြင်းကို နိုင်ငံအတွက် အလှတရားများတိုးပွားစေမည့် ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း အထောက်အကူဖြစ်စေသည့် သင်္ကေတဟု စိတ်ထဲတွင်ထားရန် အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားသည်။
ဂရိမှဆင်းသက်လာသော အယူအဆအရ သံလွင်ခက်ကို နိုင်ငံများ၏ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ဖော်ကျူးထားသည်။ ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုသင်္ကေတတွင် ချယ်ရီပင်ကိုသတ်မှတ်ထားပြီး မြန်မာနိုင်ငံ၏ အေးချမ်းမှု၊ အောင်မြင်မှုသင်္ကေတတွင် သပြေပန်းကို သတ်မှတ်ထားသည်။ ဤကဲ့သို့ မတူကွဲပြားသည့် ယဉ်ကျေးမှုတစ်ခုစီတွင် ဆိုင်ရာဆိုင်ရာ အပင် သင်္ကေတ၊ ပန်းသင်္ကေတများ ကိုယ်စီကိုယ်စီရှိကြသည်။
မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံသားများနှစ်သက်မြတ်နိုးသည့် ချယ်ရီပင်သင်္ကေတကို မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးအထိမ်း အမှတ်အဖြစ် ဤသို့စိုက်ပျိုးခြင်းသည် ထိုပန်းကဲ့သို့အလှအပများ၊ မြတ်နိုး ဖွယ်ရာများ ကျွန်ုပ်တို့နိုင်ငံတွင်လည်း ဝေဆာလာမည့်သဘောပင်ဖြစ်သည်။ မတူညီသည့် ယဉ်ကျေးမှုနှစ်ခုကြားတွင် အဆက်အသွယ်ပြုလုပ်ပေးမည့် ပန်းလေးသဖွယ်ဖြစ်၍ ငြိမ်းချမ်းရေးသင်္ကေတကို ဆောင်သည်။
ဂျပန်နိုင်ငံမှချယ်ရီပင်သည် မြန်မာနိုင်ငံမှ ပိတောက်ပင်၊ ငုပင်တို့နှင့် သဘောသွားတူသည်။ နှစ်စဉ်သစ္စာရှိရှိ ပွင့်သောအပင်၊ မြတ်နိုးဖွယ်လှပ တင့်တယ်သော်လည်း ခဏနှင့်ပင်ကြွေလွင့်ရသည့်အပင်ဖြစ်သည်။ ယခု ဂျပန်နိုင်ငံမှ ချယ်ရီပင်၏တင့်တယ်ပုံ၊ သင်ခန်းစာယူနိုင်ပုံတို့ကို ပမာပြု ထုတ်နုတ်မှာကြားမှုများမှာ ကျွန်ုပ်တို့၏လူမှုဘဝအသိုင်းအဝိုင်းအတွက် ဂရုဓမ္မပြုမှတ်သားမှုပြုကြရမည်ဖြစ်သည်။
လူ့ဘဝဟူသည် ချယ်ရီပွင့်တို့ကဲ့သို့ တိုတောင်းလွန်းသည်။ ကျွန်ုပ်တို့ ၏ဘဝ မည်မျှတိုတောင်းသည်ဖြစ်စေ ကျွန်ုပ်တို့ပတ်ဝန်းကျင်၊ ကျွန်ုပ်တို့ နိုင်ငံ၊ ကျွန်ုပ်တို့ကမ္ဘာကြီးအတွက် အကျိုးရှိအောင်၊ လှပတင့် တယ်အောင် တည်ဆောက်ကြရမည်ဖြစ်သည်။ လူတို့ဘဝ တိုတောင်းပင်တိုတောင်းငြား သော်လည်း ချယ်ရီပင်ကဲ့သို့ တန်ဖိုးရှိသောလူသားများအဖြစ် ပြုမူနေ ထိုင်နိုင်အောင် အားထုတ်ရမည့်သဘောတရားအဖြစ် ချယ်ရီပင်ကို မြန်မာ ပြည်တွင် စိုက်ပျိုးခြင်းဖြင့် မျှဝေရယူကြရမည်ဖြစ်သည်။
ထိုသို့ တစ်နိုင်ငံ၏ အထိမ်းအမှတ်များ တစ်နိုင်ငံတွင် မျှဝေခံစား ခြင်းဖြင့် လူသားအချင်းချင်းဆက်နွှယ်သည့် စိတ်ဓာတ်များ ပိုမိုခိုင်မာလာ မည်ဖြစ်သည်။ လူသားအချင်းချင်းမျှဝေခြင်း၊ ဆက်နွှယ်ခြင်းသည် ငြိမ်းချမ်း ခြင်းသဘောပင်ဖြစ်သည်။ ကမ္ဘာ့လူသားအားလုံးမှာလည်း ငြိမ်းချမ်းရေးကို လိုလား၊ တန်ဖိုးထားကြသည်။ ငြိမ်းချမ်းရေး၏တန်ဖိုး၊ ငြိမ်းချမ်းရေး၏အဓိပ္ပာယ်ကို နားမလည်သောသူသည် ငြိမ်းချမ်းရေးကို အလေးမထား၊ မလိုလားသောသူဖြစ်မည်။
ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားများ ငြိမ်းချမ်းရေးအဓိပ္ပာယ်ကိုနားလည် အောင်၊ တန်ဖိုးထားတတ်အောင် ကျွန်ုပ်တို့နိုင်ငံ၏ ငြိမ်းချမ်းရေး၊ အောင်မြင်ရေးသင်္ကေတအပင်များကို စိုက်ပျိုးခြင်းကဲ့သို့ပင် နိုင်ငံအသီးသီး မှ ငြိမ်းချမ်းမှု၊ အောင်မြင်မှု၊ လှပမှုတို့ကိုဆောင်သည့် သစ်ပင်များကိုစိုက်ပျိုး ခြင်းဖြင့် ကူးလူးဆက်နွှယ်ရယူကြရမည်ဖြစ်သည်။
လူမျိုးတိုင်းလူမျိုးတိုင်းတွင် မြတ်နိုးဖွယ်ရာ အထိမ်းအမှတ်သစ်ပင်၊ အထိမ်းအမှတ်ပန်းများရှိကြရာ ယင်းတို့ကို မတူကွဲပြားသော ရေမြေ သဘာဝတွင် ဖြစ်မြောက်အောင်စိုက်ပျိုးကာ မြတ်နိုးတန်ဖိုးထားသကဲ့သို့ ကွဲပြားသော လူ့အသိုင်းအဝိုင်းများကြားတွင်လည်း တစ်ဦးနှင့်တစ်ဦးမြတ်နိုး တန်းဖိုးထားတတ်အောင် လှပသောနှလုံးသားပန်းများ မျှဝေစိုက်ထူခြင်းဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါစို့။ ။

No comments:

Post a Comment