Tuesday, January 31, 2017

လူကုန်ကူးမှုတားဆီးရေးနှင့်သက်ငယ်မုဒိမ်းမှုအကြောင်း သိကောင်းစရာများ မိသားစုအသွင်ဆွေးနွေးရာ စိတ်ဝင်စားမှုများပြား


Image may contain: 3 people, people sitting
မုံရွာ ဇန်နဝါရီ ၃ဝ
မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ် အပါအဝင် ချောင်းဦးမြို့နယ်၊ အရာ တော်မြို့နယ်နှင့် ဘုတလင်မြို့နယ် တို့တွင် ဇန်နဝါရီ ၂၇ ရက်မှစတင်၍ ပြည်သူလူထုဗဟိုပြု ရဲလုပ်ငန်းစနစ် ဖြစ်သည့် အိမ်တိုင်ရာရောက် ရဲလုပ်ငန်း (Home Visits) ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူများ အကြားဖြစ်ပွားနေသော လူကုန်ကူးခံ ရခြင်းနှင့် သက်ငယ်မုဒိမ်းမှုဖြစ်ပွား တတ်သည့် အကြောင်းရင်းများကို အဓိကထားဆွေးနွေးရာ အများက စိတ်ဝင်စားမှုပိုမိုကာ အမြဲမပြတ် သိသင့်သည်များ လာရောက်ပြော ကြားပေးရန် ဖိတ်ခေါ်မှုများရှိ ကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးချင်းစိန်ထံမှ သိရသည်။
''အများပြည်သူ ခံစားနေရတဲ့ ပကတိအခြေအနေကို ရဲတပ်ဖွဲ့ဝင် တွေက ကူညီနိုင်တာ ကူညီဆောင် ရွက်ဖို့ အဓိကထား လုပ်ဆောင်နေ တာပါ။ ထူးခြားတဲ့အသိရရှိစေဖို့ လူကုန်ကူးမှုတားဆီးရေးနဲ့ သက်ငယ် မုဒိမ်းမှု တားဆီးကာကွယ်နိုင်ရေး တွေကို အဓိကထား ဟောပြောတဲ့ နေရာမှာ ဒေသခံအတော်များများကနားမလည်ကြသေးတာ တွေ့ရပါ တယ်။ လူကုန်ကူးတာကို ဘယ်ဥပဒေ နဲ့ ပြစ်ဒဏ်ပေးရမယ်ဆိုတာတွေ၊ သက်ငယ်မုဒိမ်းမှုဆိုတာ ဘယ်လို ဆိုတာသိအောင် အိမ်အရောက် ဟောပြောနေကြတာပါ။ သက်ငယ် မုဒိမ်းမှုနဲ့ လူကုန်ကူးတာကို တချို့က လုံးဝ နားမလည်သေးတာရှိသလို တချို့က သိသလိုလိုနဲ့ မသိသေးတာ တွေရှိနေတယ်ဆိုတာ တွေ့ရပါတယ်။အခုလို အိမ်တိုင်ရာရောက်သွားပြီး လုပ်ဆောင်တဲ့အတွက် ဆင်ခြင်စရာရှိ တာတွေကို ဆင်ခြင်နိုင်သလို သိသွား တဲ့သူ အတော်များများကလည်း ဆင်ခြင်မယ်လို့ ပြောလာကြတာ ရှိပါတယ်။ အထူးသဖြင့် အခုလုပ်တဲ့ အိမ်တိုင်ရာရောက် ရဲလုပ်ငန်းကို အများက ကြိုဆိုကြပြီး နောက်နောင် ကိုလည်း အမြဲမပြတ်အသိတွေပေးဖို့ ဖိတ်ခေါ်တာတွေလည်း ရှိလာပါ တယ်''ဟု ဒုတိယရဲမှူးကြီးချင်းစိန်က ပြောသည်။
ပြည်သူများက ရဲလုပ်ငန်းအပေါ် သက်ဝင်ယုံကြည်မှုရှိကာ ရဲတပ်ဖွဲ့ဝင် များနှင့်ပူးပေါင်း၍ တရားဥပဒေစိုးမိုး ရေးကိစ္စရပ်များကို ဖြေရှင်းလာနိုင်မည့် အလေ့အကျင့်ကောင်းများ အများ ပြည်သူအတွင်း ကျယ်ပြန့်စွာရောက် ရှိစေရန်နှင့် ပြည်သူများက ရဲလုပ်ငန်း နှင့် ရဲတပ်ဖွဲ့ဝင်များအပေါ် အမြင် ကြည်လင်ပြီး ပြည်သူ့ဘဝလုံခြုံ ရေးကို ရဲနှင့်ပြည်သူ ပူးပေါင်းဆောင် ရွက်လာစေရန် အိမ်တိုင်ရာရောက် ရဲလုပ်ငန်းကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။ အိမ်တိုင်ရာရောက်ရဲလုပ်ငန်း ကို ဆောင်ရွက်ရန် မုံရွာခရိုင် ရဲတပ်ဖွဲ့ မှူးရုံးတွင် မုံရွာခရိုင်အတွင်းရှိ လေး မြို့နယ်မှ လက်ရွေးစင်ရဲတပ်ဖွဲ့ဝင် ၁၆ ဦးကို မုံရွာခရိုင်ရဲတပ်ဖွဲ့ ဒုတိယ ခရိုင်ရဲမှူးစိန်မင်း ဦးစီး၍ လေးမြို့နယ် ရဲမှူးများက ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်အထိ ပြည်သူဗဟိုပြုရဲလုပ်ငန်း စနစ်ကို စာတွေ့လက်တွေ့သင်ကြား ပို့ချခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်တွင် မုံရွာ ခရိုင် လေးမြို့နယ်တွင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment