Monday, January 30, 2017

အမေရိကန်လေဆိပ်များသို့ ဆိုက်ရောက်လာသူ မွတ်စလင်များအား အရေးပေါ်တည်းခိုခွင့်ပြုရန် တရားသူကြီး အမိန့်ချမှတ်



Image may contain: 1 person, text
နယူးယောက် ဇန်နဝါရီ ၂၉
အမေရိကန်လေဆိပ်သို့ တရားဝင်ဗီဇာဖြင့် ဆိုက်ရောက်လာသော မွတ်စလင်များကို ခေတ္တခဏ တည်းခိုနေထိုင်ခွင့် ပြုရန် နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်မှ ဖက်ဒရယ် တရားသူကြီးတစ်ဦးက အမိန့်ချမှတ်လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇန်နဝါရီ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံခုနစ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ မွတ်စလင်များ ဝင်ရောက်လာခြင်းကို ပိတ်ပင်သည့် အမိန့်ဒီကရီတစ်ရပ်ကို သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်လေဆိပ်များ၌ ကသောင်းကနင်းအခြေအနေများ ဖြစ်ပေါ်ခဲ့ရသည်။
တရားဝင်ဗီဇာများဖြင့် ဆိုက်ရောက်လာသော မွတ်စလင်ခရီးသည်များကို အဝင်မခံဘဲ ပြန်လည်နှင်ထုတ်လျက်ရှိရာ လေဆိပ်များတွင် မွတ်စလင်ခရီးသည်များ၏ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အမေရိကန်လေဆိပ်များ၌ ထိန်းသိမ်းခံရသော မွတ်စလင်ခရီးသည် ၁ဝဝ မှ ၂ဝဝ အထိရှိသည်ဟု အမေရိကန်နိုင်ငံသား အခွင့်အရေးသမဂ္ဂက ခန့်မှန်းသော်လည်း အစိုးရရှေ့နေများက ယင်းအရေအတွက်နှင့် ပတ်သက်၍ အတည်ပြုခြင်းမရှိပေ။
မွတ်စလင်များ ပြည်ဝင်ခြင်းမှ တားမြစ်ပိတ်ပင်သည့် အမိန့်ကို သမ္မတထရန့်က ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်လာသူများကို လေဆိပ်တာဝန်ရှိသူများက တားမြစ်ပိတ်ပင်ခဲ့သည်။
ခရီးသည်ဦးရေမည်မျှကို နေရင်းနိုင်ငံသို့ ပြန်ပို့ခြင်း၊ ခရီးသည်ဦးရေမည်မျှကို ထိန်းသိမ်းထားခြင်းတို့နှင့် ပတ်သက်၍ အမိမြေလုံခြုံရေးဌာနက အတိအကျ ပြောကြားခြင်းမရှိပေ။
ဒုက္ခသည်များကိုယ်စား ရှေ့နေများ၏ ဦးတိုက် လျှောက်ထားတင်ပြချက်များအရ အမေရိကန် ဖက်ဒရယ် တရားသူကြီး အန်းဒေါ်နယ်လီသည် ကြားနာစစ်ဆေးမှု ပြုလုပ်ပြီးနောက် တရားဝင်ဗီဇာဖြင့် ဆိုက်ရောက်လာသူများအား အရေးပေါ်တည်းခိုနေထိုင်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment