Monday, January 30, 2017

နိုင်ငံတကာမြင်ကွင်း



No automatic alt text available.
ရဲရင့်လင်းလက်
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်ဟာ သမ္မတ တာဝန်စယူပြီဆိုတာနဲ့ စစချင်းဆောက်နဲ့ထွင်းဆိုသလို အမေရိကန်နိုင်ငံထဲ ဒုက္ခသည်တွေဝင်ရောက်ခွင့်ကို အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်လ်ထရန့်ရဲ့ ဒီအုပ်ချုပ်ရေးအမိန့်ကို လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ဝိုင်းဝန်းဝေဖန်တိုက်ခိုက် ကြတာကတော့ အံ့သြစရာမရှိပါဘူး။ အခု ဒီအုပ်ချုပ်ရေး အမိန့်ရဲ့ အဓိကအချက်တချို့ကို ကြည့်ရအောင်ပါ။ အမေရိကန်နိုင်ငံထဲ ဒုက္ခသည်တွေ ဝင်ရောက်ခွင့်ပြုတဲ့ အစီအစဉ် (US Refugee Admission Programme) ကို ရက်ပေါင်း ၁၂ဝ တိတိ ဆိုင်းငံ့ခဲ့ပါတယ်။ ဆီးရီးယား ဒုက္ခသည်တွေကိုတော့ ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ပါတယ်။ မူဆလင်ဘာသာဝင်အများစုနေထိုင်ရာ နိုင်ငံခုနစ် နိုင်ငံက ပြည်သူတွေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့်ကိုလည်း ရက်ပေါင်း ၉ဝအထိ ရပ်ဆိုင်းခဲ့ပါတယ်။ ဒီနိုင်ငံတွေ ကတော့ အီရန်၊ ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ ဆိုမာ လီးယား၊ ဆူဒန်နဲ့ ယီမင်တို့ပါ။ ဒီပိတ်ပင်မှုတွေထဲမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ သံတမန်တွေမပါဝင်ကြဘူး။သမ္မတဒေါ်နယ်လ်ထရန့်ရဲ့ အစီအစဉ်မှာ ဆီးရီးယားနိုင်ငံ က ခရစ်ယာန်တွေလို ဖိနှိပ်ခံနေရတဲ့ဒုက္ခသည်တွေကို ဦးစားပေးမယ်လို့ ဆိုထားပါတယ်။ ဒီအချက်ကိုကြည့်ရင် ကိုပဲ ကိုးကွယ်ယုံကြည်ရာ ဘာသာအပေါ် မူတည်ပြီး ခွဲခြားဖိနှိပ်ခြင်းမပြုရဆိုတဲ့ အခြေခံမူအပေါ် သမ္မတ ဒေါ်နယ်လ်ထရန့်ရဲ့ခံယူချက်ကို ရှင်းရှင်းကြီးမြင်ရမှာပါ။ ၂ဝ၁၇ ခုနှစ်မှာ အမေရိကန်နိုင်ငံက အများဆုံးလက်ခံမယ့် ဒုက္ခသည် အရေအတွက်ကို ၅ဝဝဝဝ အထိ လျှော့ချခဲ့ပါတယ်။ နုတ်ထွက်သွားတဲ့ သမ္မတအိုဘားမားက ဒီအရေအတွက်ကို ၁၁ဝဝဝဝ အထိ သတ်မှတ်ခဲ့တာပါ။ ဒီအုပ်ချုပ်ရေးအမိန့်မှာ အင်တာဗျူးမလုပ်ဘဲ ဗီဇာထုတ် ပေးခွင့်ကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။
ဒေါ်နယ်လ်ထရန့်ကတော့ သူ့ရဲ့အစီအစဉ်ဟာ အစိုးရအေဂျင်စီတွေကို ပိုမိုတင်းကျပ်တဲ့ စိစစ်ရေးစနစ်တစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ အချိန်ဖန်တီးပေးမယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်လ်ထရန့်ရဲ့ရည်ရွယ်ချက်က အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် ထိပါးနိုင်တဲ့ပုဂ္ဂိုလ်တွေကို ဗီဇာထုတ်ပေးတာမျိုး မဖြစ်ဖို့လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေါ်နယ်လ်ထရန့်က အစိုးရ အေဂျင်စီတွေအနေနဲ့ ဘယ်လိုအစီအစဉ်တွေ ဆောင်ရွက်မယ်ဆိုတာကို တိတိကျကျ ထုတ်ဖော်မပြောဆိုပါဘူး။ ဒေါ်နယ်လ်ထရန့်ရဲ့ ကိုယ်ပိုင်လုပ်နည်းလုပ်ဟန်လို့ပဲ ရွဲ့တဲ့တဲ့ ပြောရမှာပါ။ ပြည်တွင်းစစ်ရဲ့ဒဏ်ကို ခါးစည်းခံနေရတဲ့ ဆီးရီးယားဒုက္ခသည်တွေအဖို့ အမေရိကန်နိုင်ငံမှာ အခြေခံနေထိုင်ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အိပ်မက်လို့ပဲ ပြောရမှာပါ။ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားတဲ့ ဆီးရီးယားဒုက္ခသည်တွေကိုစိစစ်တဲ့ လုပ်ငန်းစဉ်ကိုက ၁၈လကနေ ၂၄ လအထိ ကြာမြင့်မှာပါ။ ဒေါ်နယ်လ်ထရန့် က သူ့ရဲ့အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ကြေညာရာမှာ ၉/၁၁ တိုက်ခိုက်မှုကို ရည်ညွှန်းပြောဆိုသွားပါတယ်။ ဒါပေမယ့် ၉/၁၁ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်သမား ၁၉ ဦးထဲမှာ အခုဒေါ်နယ်လ်ထရန့် ပိတ်ပင်လိုက်တဲ့ မူဆလင်နိုင်ငံ ခုနစ်နိုင်ငံရဲ့ နိုင်ငံသား တစ်ဦးမှ မပါဝင်ပါဘူး။ သမ္မတ ဒေါ်နယ်လ်ထရန့်ရဲ့ ဒီ အုပ်ချုပ်ရေးအမိန့်ထဲမှာ မရှင်းမရှင်း အချက်တွေလည်းရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ အမြဲတမ်းအခြေချနေထိုင် ခွင့်လက်မှတ် (Green Cards) ရထားတဲ့ပုဂ္ဂိုလ်အပေါ် ဒီအုပ်ချုပ်ရေး အမိန့်က ဘယ်လိုအကျိုးသက်ရောက်မလဲ ဆိုတာက ရှင်းရှင်းလင်းလင်း မရှိပါဘူး။ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ဒီလိုပုဂ္ဂိုလ်တွေအနေနဲ့ ပြည်ပကိုထွက်ခွာ တာပဲဖြစ်ဖြစ်၊ ပြည်တွင်းကို ပြန်ဝင်တာပဲဖြစ်ဖြစ် လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေနဲ့ တိုင်ပင်ကြဖို့ တိုက်တွန်း နှိုးဆော်နေကြပါတယ်။ သေချာတာကတော့ သမ္မတ ဒေါ်နယ်လ်ထရန့်ရဲ့ ဒီအုပ်ချုပ်ရေးအမိန့်ကြောင့် ကမ္ဘာတစ်လွှားအမေရိကန်ဗီဇာရရှိဖို့ ပိုကြန့်ကြာ သွားမှာပါ။
သမ္မတဒေါ်နယ်လ်ထရန့်ရဲ့ ဒီအုပ်ချုပ်ရေးအမိန့်ကြောင့် နောက်ဆက်တွဲ ဖြစ်လာတာကတော့ အမေရိကန်နိုင်ငံကို ရောက်ရှိလာတဲ့ မူဆလင်ဒုက္ခသည်တွေကို အမေရိကန်လေဆိပ်တွေမှာ ထိန်းသိမ်းဖမ်းဆီးခဲ့တာပါ။ အခုလောလောဆယ် နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှာ မူဆလင်ဒုက္ခသည် ၁၁ ဦးကို ထိန်းသိမ်းဖမ်းဆီး ထားပါတယ်။ ဆန္ဒပြသူတွေက ဂျွန်အက်ဖ်ကနေဒီလေဆိပ်မှာ ထိန်းသိမ်းဖမ်းဆီးထားတဲ့ ဒုက္ခသည်တွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ဒေါ်နယ်လ်ထရန့်က သူထုတ်ပြန်ခဲ့တဲ့ အုပ်ချုပ်ရေးအမိန့်ဟာ မူဆလင်တွေ ကိုရည်ရွယ်ပိတ်ပင်တာ မဟုတ်ပါဘူးလို့ ရှင်းတော့ ဘယ်လို နားလည်ရမှာလဲ ဒေါ်နယ်လ်ထရန့်လို့ပဲ မေးရမလို ဖြစ်နေပါတယ်။ ဒီလိုရှင်းလင်းပြောဆိုနေပေမယ့် တစ်ဖက်မှာတော့ သူ့ရည်ရွယ်ချက်ကို ဗြောင်ပဲထုတ်ဖော်ပြော ဆိုပါတယ်။ ဒေါ်နယ်လ်ထရန့်က ''ကျွန်တော်တို့ဟာ အင်မတိ အင်မတန်တင်းကျပ်တဲ့ ပိတ်ပင်မှုတစ်ရပ်ကို ပြဋ္ဌာန်းတော့မှာပါ။ ကျွန်တော်တို့ဟာ တင်းကျပ်ရာမှာ စံထားရမယ့်စိစစ်ရေးစနစ်တစ်ရပ်ကိုလည်း ချမှတ်ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုစနစ်မျိုးတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ရမှာပါ''ဆိုပြီး ပြောဆိုခဲ့တာပါ။
တကယ်ကတော့ ဂျွန်အက်ဖ်ကနေဒီလေဆိပ်မှာ ထိန်းသိမ်းထားတဲ့ပုဂ္ဂိုလ် ၁၁ ဦးဟာ သမ္မတဒေါ်နယ်လ် ထရန့်က ဒီအုပ်ချုပ်ရေးအမိန့်လက်မှတ်ထိုးလိုက်တဲ့ အချိန်မှာ အမေရိကန်နိုင်ငံကို ဦးတည်ပျံသန်းလာတဲ့ လေယာဉ်ပျံတွေပေါ် ရောက်နေကြပါပြီ။ ဒါပေမယ့် ဒေါ်နယ်လ်ထရန့် ရဲ့ အုပ်ချုပ်ရေးအမိန့်သြဇာသက်ရောက်မှုဟာ ကျယ်ပြန့်လွန်းတော့ ဒုက္ခခံစားရမယ့် ကမ္ဘာ့နိုင်ငံအနှံ့အပြားက ပြည်သူအရေအတွက်ဟာ နည်းမှာမဟုတ်ပါဘူး။ ဇန်နဝါရီ လ ၂၈ ရက်နေ့က ကိုင်ရိုလေဆိပ်မှာ အီရတ်ခရီးသည် ငါးဦးနဲ့ ယီမင်လူမျိုးတစ်ဦးတို့ကို နယူးယောက်ကို ပျံသန်းမယ့် လေယာဉ်ပျံပေါ် တက်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ ဒတ်ခ်ျလေကြောင်းလိုင်း KLM ကလည်း သူတို့ဟာ အမေရိကန်နိုင်ငံကိုသွားဖို့ ကြိုတင်လက်မှတ်ဝယ်ထားတဲ့ ခရီးသည် ခုနစ်ဦးကို ဒီအုပ်ချုပ်ရေးအမိန့်ကြောင့် ငြင်းပယ်ခဲ့ရပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအုပ်ချုပ်ရေး အမိန့်ဟာ နိုင်ငံနှစ်နိုင်ငံရဲ့ နိုင်ငံသားခံယူထားသူတွေကို ထိခိုက်နစ်နာစေတာပါ။ ဥပမာအနေနဲ့ ပြောရရင် ဗြိတိန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ အီရန်နိုင်ငံသားတစ်ဦးဟာ အမေရိကန်နိုင်ငံထဲဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရပါတယ်။ အုပ်ချုပ်ရေးအရာရှိတစ်ဦးရဲ့ ပြောဆိုချက်အရ အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် (Green Card) ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေကိုပါ ထိခိုက်မယ့် သဘော ဖြစ်နေပါတယ်။ ပြည်ပရောက်နေတဲ့ဒီလိုပုဂ္ဂိုလ်တွေ အမေ ရိကန်နိုင်ငံထဲပြန်ဝင်လာတဲ့အခါ တစ်ဦးချင်းစိစစ်ပြီးမှ လက်ခံမယ့်သဘောမျိုးဖြစ်နေပါတယ်။
အမျိုးသားလူဝင်မှုကြီးကြပ်ရေးစင်တာ (National Immigration Law Centre(NILC) နဲ့ အမေရိကန် ပြည်သူ့အခွင့်အရေးအဖွဲ့ချုပ် (American Civil Liberties Union(ACLU) တွေ အပါအဝင် လူ့အခွင့် အရေးအဖွဲ့တွေဟာ နယူးယောက်မှာ ထိန်းသိမ်းထားတဲ့ အီရတ်လူမျိုးနှစ်ဦးကို ပြန်လွှတ်ပေးဖို့ တရားစွဲဆိုထားပါတယ်။ ဒီအီရတ်လူမျိုးနှစ်ဦးဟာ ဒေါ်နယ်လ်ထရန့် အုပ်ချုပ်ရေးအမိန့် လက်မှတ်ရေးထိုးတဲ့အချိန်မှာ အမေရိကန်နိုင်ငံဆီပျံသန်းလာတဲ့ လေယာဉ်ပျံပေါ်မှာ ခရီးသည်တွေအဖြစ် ပါလာပါပြီ။ သူတို့နှစ်ဦးထဲက အမေရိကန် စစ်တပ်စကားပြန် ဟာနီးခါလစ်ဒါဝီးယက်ရှ်ကိုတော့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းမှာပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တစ်ယောက်ကိုတော့ ခုချိန်ထိ ဆက်လက်ထိန်းသိမ်းထားဆဲပါ။ နယူးယောက် အောက်လွှတ်တော် အမတ် ဂျယ်ရီနက်လာဟာ လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် နဒီယာဗလက်(ဇ)ကက်(ဇ) နဲ့အတူ လက်တွဲပြီး ဂျွန်အက်ဖ်ကနေဒီလေဆိပ်မှာ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တဲ့ ပုဂ္ဂိုလ် ၁၁ ဦး လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ လွတ်မြောက်သွားတဲ့ ဟာနီးခါလစ် ဒါဝီးယက်ရှ်အတွက် ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့တဲ့ မာ့ခ်ဒေါ့(စ)က ''ဒီကိစ္စကတော့ တရားမဝင်ထိန်းသိမ်းထားတယ်ဆိုတာက အင်မတန်ကိုထင်ရှားပါတယ်။ ဒါက ဒေါ်နယ်လ်ထရန့်ရဲ့ ဖိနှိပ်ခွဲခြားရေးအမိန့်ပါပဲ။ ကျွန်တော်တို့ကတော့ တရားမဝင် ထိန်းသိမ်းထားတဲ့ ဒုက္ခသည်တွေနဲ့ နိုင်ငံရွှေ့ပြောင်းပုဂ္ဂိုလ်တွေ အပါအဝင် အမေရိကန်နိုင်ငံထဲ ဝင်ရောက်ကြမယ့် ပုဂ္ဂိုလ်တွေအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြမှာ''လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်-အစ္စလာမ်ဆက်ဆံရေးကောင်စီကတော့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် (Green Card) ကိုင်ထား တဲ့ ပုဂ္ဂိုလ်တွေအပါအဝင် အမေရိကန်နိုင်ငံသားမဟုတ်တဲ့ တားမြစ်ပိတ်ပင်ခံနိုင်ငံ ခုနစ်နိုင်ငံက ပုဂ္ဂိုလ်တွေကို အနည်းဆုံး ရက်ပေါင်း ၉ဝ အထိ ပြည်ပခရီးမသွားကြဖို့ အကြံပြုထားပါတယ်။ သမ္မတ ဒေါ်နယ်လ်ထရန့် က သူ့ရဲ့ အုပ်ချုပ်ရေးအမိန့်ဟာ အစွန်းရောက် အကြမ်းဖက်သမားတွေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်မလာနိုင်အောင် ထုတ်ပြန်တာဆိုပေမယ့် လက်တွေ့မှာ ဆီးရီးယားဒုက္ခသည်တွေနဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေကြား အဆက်အစပ်ရှိတယ်ဆိုတဲ့ သက်သေအထောက်အထားလုံးဝ မရှိပါဘူး။ ၂ဝ၁၆ ခုနှစ် ဇွန်လက အော်လန်ဒိုမြို့မှာရှိတဲ့ ဂေးနိုက်ကလပ်မှာ ပြည်သူ ၅ဝ ကို သတ်ဖြတ်ခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားဟာ အာဖဂန်လူမျိုးမိဘ နှစ်ပါးကမွေးဖွားတဲ့ အမေရိကန်နိုင်ငံသားပါ ကယ်လီ ဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုမှာ ပြည်သူ ၁၄ ဦးကို သတ်ခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားနှစ်ဦးဟာ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ ပါကစ္စတန်နိုင်ငံသား တစ်ဦးပါ။ ဘော့စတွန် မာရသွန်ပြေးပွဲ အကြမ်းဖက် သမားနှစ်ဦးက ရုရှားနိုင်ငံရဲ့ ချက်ချင်း (Checchen) နွယ်ဖွားတွေပါ။ နောက်ဆုံးထွက်ပေါ်လာတဲ့ ဝမ်းသာစရာ သတင်းကတော့ အမေရိကန်ခရိုင် တရားသူကြီး အန်ဒွန်နယ်လီက တရားဝင်ဗီဇာရရှိထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တရားဝင်ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုခံထားရတဲ့ ပုဂ္ဂိုလ်တွေအပါအဝင် အမေရိကန်နိုင်ငံထဲ တရားဝင် ဝင်ရောက်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အမေရိကန် နိုင်ငံကနေ ပြန်နှင်ထုတ်ပိုင်ခွင့်ကို ယာယီပိတ်ပင်လိုက်ပါပြီ။ နိုင်ငံရွှေ့ပြောင်းပုဂ္ဂိုလ်များ အခွင့်အရေးစီမံကိန်းဥပဒေရေးရာ လက်ထောက်ညွှန်ကြားရေးမှူး လီးဂလန့်(ထ)က ''လိုတိုရှင်းပြောရရင် တရားသူကြီးက အစိုးရဘာလုပ်ချင်နေတယ်ဆိုတာကို သဘောပေါက်ပြီး ကျွန်တော်တို့ တောင်းဆိုနေတာကို ခွင့်ပြုပေးလိုက်တာပါ။ ကျွန်တော်တို့ တောင်းဆိုတယ်ဆိုတာက ထရန့်ရဲ့အမိန့်ကို ဟန့်တားဖို့ပါ။ ဒေါ်နယ်လ်ထရန့်အမိန့်နဲ့ နိုင်ငံအနှံ့ ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တွေကို ဒေါ်နယ်လ်ထရန့်အစိုးရအဖွဲ့က နှင်ထုတ်တာကို ပိတ်ပင်ဖို့ပါ'' ဆိုပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံထဲ ဝင်ရောက်လာစဉ် ဖမ်းဆီးထားတဲ့ ပုဂ္ဂိုလ် ၁ဝဝ ကနေ ၂ဝဝ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ ကမ္ဘာကြီးမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလ တရားတွေကို ခြိမ်းခြောက်လာမယ်ဆိုရင် ကမ္ဘာ့ပြည်သူ တိုင်းမှာ ဟန့်တားကာကွယ်ဖို့ တာဝန်ရှိတယ်လို့ဆိုချင်ပါ တယ်။

No comments:

Post a Comment