Monday, January 30, 2017

နေတိုးအဖွဲ့၏ လုံခြုံရေးဆိုင်ရာ စရိတ်စကများအတွက် အဖွဲ့ဝင်အားလုံးမျှဝေထည့်ဝင်ရေး ထရန့်နှင့် မာကယ်သဘောတူ



Image may contain: 1 person, closeup
ဝါရှင်တန် ဇန်နဝါရီ ၂၉
မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး)သည် အရေးပါသော စစ်မဟာမိတ်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်ကို မိမိတို့ အလေးမူကြောင်း၊ အကြမ်းဖက်မှုနှင့် စစ်သွေးကြွမှုတို့ကို တိုက်ဖျက်နိုင်ရေးအတွက် မိမိတို့ အတူတကွ လက်တွဲဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ပြုကြကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်တို့က ပူးတွဲထုတ်ပြန်သည့် ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတထရန့်နှင့် ဝန်ကြီးချုပ် မာကဲလ်တို့ ဇန်နဝါရီ ၂၈ ရက်က တယ်လီဖုန်းဆက်သွယ်ကာ နေတိုး၏ အခန်းကဏ္ဍ၊ အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းအာဖရိကဒေသတို့၏ အခြေအနေ၊ ရုရှားနိုင်ငံနှင့် ဆက်ဆံရေး နှင့် ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခတို့ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
နေတိုးအဖွဲ့သည် ၂၁ ရာစုခေတ် ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ မိမိတို့၏ လုံခြုံရေးအတွက် စုပေါင်းတာဝန်ယူမှုအရ နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံများအားလုံးအနေဖြင့် စုပေါင်းလုံခြုံရေး ကုန်ကျစရိတ်များကို မျှတစွာ ထည့်ဝင်သင့်ကြောင်း ခေါင်းဆောင်နှစ်ဦး၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
လာမည့် ဇူလိုင်လတွင် ဂျာမနီ နိုင်ငံ ဟမ်းဘတ်မြို့၌ ကျင်းပမည့် ဂျီ-၂ဝ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများ၏ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် မာကဲလ်၏ ဖိတ်ကြားချက်ကို ထရန့် က လက်ခံခဲ့သည်။ မကြာမီကာလအတွင်း ဝါရှင်တန်သို့ မာကဲလ် လာရောက်မည်ဟု မျှော်လင့်ပါကြောင်း ထရန့်က ပြောကြားသည်။ ဂျာမနီနိုင်ငံသည် ယခုနှစ်တွင် ဂျီ-၂ဝ အဖွဲ့၏ ဥက္ကဋ္ဌနေရာကို ရယူထားသော နိုင်ငံဖြစ်သည်။
ရွှေ့ပြောင်းအခြေစိုက်နေထိုင်မှု ကို ကန့်သတ်ခြင်း၊ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များကို ဖျက်သိမ်းရန် ရည်ရွယ်လှုပ်ရှား ခြင်းတို့နှင့် သက်ဆိုင်နေသော ထရန့်၏ ညွှန်ကြားချက်အမိန့်များနှင့် စပ်လျဉ်း၍ ပူးတွဲကြေညာချက်တွင် ဖော်ပြထားခြင်းမရှိပေ။ မကြာသေးမီ ရက်များအတွင်း သမ္မတထရန့်က အမိန့်ဒီကရီများ ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနက ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment