Friday, January 27, 2017

ထိုင်း-မြန်မာ ချစ်ကြည်ရေး ကုန်သွယ်မှုတံတားတည်ဆောက်မှု လျာထားကာလအတွင်းပြီးစီးနိုင်

Image may contain: sky, outdoor and nature
မြဝတီ ဇန်နဝါရီ ၂၆
အာရှအရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်း၊ မဟာမဲခေါင်ဒေသ စီးပွားရေးကုန်သွယ် မှုလမ်းကြောင်းပေါ်ရှိ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီကူး ကုန်သွယ်မှုတံတားကြီး ဖြစ်သည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား တည်ဆောက်မှုမှာ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ တည်ဆောက်မှုသတ်မှတ်ကာလ
အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးလုပ်ငန်းခွင်မှ တာဝန်ခံ အရာရှိက ပြောကြားသည်။
မဲဆောက်-မြဝတီကူးသည့် ထိုင်း-မြန်မာချစ်ကြည်ရေး ကုန်သွယ်မှုတံတား အမှတ်(၂)သည် အာရှ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်းပေါ်တွင် တည်ရှိသည့်အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံအတွက်သာမက မဟာမဲခေါင်ဒေသကြီးတစ်ခုလုံးအတွက်ပါ အကျိုး စီးပွားဖြစ်ထွန်းလာနိုင်မည်ဟု စီးပွားရေးပညာ
ရှင်များက ပြောသည်။
မဲဆောက်-မြဝတီ ကူးလူးဆက်သွယ်ပေး မည့် ထိုင်း-မြန်မာချစ်ကြည်ရေး ကုန်သွယ်မှု တံတားအမှတ်(၂)သည် မဲဆောက်မြို့ နယ် အတွင်းရှိ ဘန့်ဝမ်တခင်းရမ်းစီရင်စု (ဝါးစကင်း) အမှတ် (၇) ရပ်ကွက် (ထိုင်းဘက်ခြမ်း)နှင့် မြန်မာနိုင်ငံ မြဝတီမြို့အမှတ် (၅)ရပ်ကွက်၊ ရေပူကျေးရွာအုပ်စုတို့ကို ရေလယ်တိုင်မပါဘဲ ပေါင်းကူး တည်ဆောက်ထားသည့် ကြိုးတံတားအမျိုးအစားဖြစ်ပြီး တံတားအရှည်မှာ ချဉ်းကပ်လမ်း အပါအဝင် ၂၁ ဒသမ ၄ဝ ကီလိုမီတာရှည်လျားပြီး မြန်မာဘက်ကမ်း၌ ချဉ်းကပ်လမ်း ၄ ဒသမ ၁၄ ကီလိုမီတာ၊ ထိုင်းဘက်ခြမ်း ချဉ်းကပ်လမ်း ၁၇ ဒသမ ၂၆ ကီလိုမီတာ ရှိပြီး အကျယ် ၁၇ မီတာရှိကာ လေးလမ်းသွားဖြစ်ကြောင်း တည်ဆောက်ရေးလုပ်ငန်းခွင်မှ သိရသည်။
ကုန်သွယ်မှုတံတားအမှတ်(၂)အား ၂ဝ၁၅ ခုနှစ် သြဂုတ် ၃ဝ ရက်က စတင်ပန္နက်ချတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းဘက်အခြမ်းတွင် တံတားတည်ဆောက်မှုကို ၂၄ နာရီ တည်ဆောက်နေခြင်းဖြစ်သလို တံတားတည် ဆောက်မှုကြောင့် မလွတ်ကင်းသဖြင့် ဖယ်ပေး လိုက်ရသည့် မြေယာများ၊ အိမ်များ၊ ဥယျာဉ်ခြံမြေများအတွက် နစ်နာကြေးကိစ္စရပ်များလည်း လျော်ကြေးပေးအပ်ပြီးပြီဖြစ်ကြောင်း၊ တံတားအမှတ် (၂) ၏ ချဉ်းကပ်တိုင်မှာလည်း မြန်မာဘက်ခြမ်းထက် အရေအတွက်လျော့နည်းသဖြင့် ထိုင်းဘက်အခြမ်းအားယခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းပြီးဆုံးမည်ဖြစ်ပြီး မြန်မာဘက်အခြမ်းမှာမူ မြေယာလျော်ကြေး ကိစ္စများ ညှိနှိုင်းရခြင်း၊ ချဉ်းကပ်တိုင်များခြင်း၊ လုပ်ငန်းလုပ်ကိုင်ချိန် အချိန်သတ်မှတ်ချက်ရှိခြင်းတို့ကြောင့် မြန်မာဘက်အခြမ်းအား ၂ဝ၁၈ ခုနှစ်တွင် လုပ်ငန်းပြီးဆုံးရန် လျာထားကြောင်း၊ ယခုအခါ ပင်မတံတား၊ချဉ်းကပ်တံတား တည်ဆောက်မှုမှာ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ လမ်းနှင့်ကုန်သွယ်ရေးအတွက် လိုအပ်သည့် ယာဉ်စစ်ကွင်းများအပါအဝင် တံတားတည်ဆောက်မှုလုပ်ငန်းတစ်ခုလုံးအား ၂ဝ၁၈ ခုနှစ် သတ်မှတ်ကာလအတွင်း ဖွင့်လှစ်နိုင်မည်ဟု အဆိုပါ တံတားတည်ဆောက်ရေးတာဝန်ခံအရာရှိက ပြောသည်။
မဲဆောက်-မြဝတီကူး ဒုတိယမြောက် သောင်ရင်းမြစ်ဖြတ်ကျော် ထိုင်း-မြန်မာ ကုန်သွယ်မှုတံတားစီမံကိန်းကို ADB အာရှဖွံ့ဖြိုးရေးဘဏ်၏ချေးငွေဖြင့် ထိုင်းနိုင်ငံ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းမှ တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရသည်။
တင်ဝင်းလှိုင်(ကော့ကရိတ်)

No comments:

Post a Comment