Tuesday, January 31, 2017

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


နေပြည်တော် ဇန်နဝါရီ ၃ဝ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဇန်နဝါရီ ၃ဝ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လေးစားအပ်တဲ့ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား
မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။
မကြာတော့မယ့်အချိန် လွှတ်တော်အသီးသီးမှာ လိုအပ်နေတဲ့ ကိုယ်စားလှယ်များအတွက် အဲဒီမဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူ့ လွှတ်တော်မှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မဲဆန္ဒနယ်မြေနဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသား လွှတ်တော်မှာတော့ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်မြေအမှတ်(၄) ညောင်လေးပင် မြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
မဲဆန္ဒရှင်များအနေနဲ့ မိမိတို့ကိုယ်စား တာဝန်ပေးမယ့် ကိုယ်စားလှယ် တွေကို ဆန္ဒမဲပေးပြီး ရွေးချယ်ကြရတော့မှာ ဖြစ်ပါတယ်။ ဒီလို ဆန္ဒမဲပေးပြီး ရွေးချယ်ဆုံးဖြတ်ရာမှာ အထောက်အကူပြုလေ့လာအကဲခတ်နိုင်စေဖို့ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ အနေအထားနဲ့ ရပ်တည်ချက်တွေကို တင်ပြပါမယ်။
ကျွန်တော်တို့ပါတီဟာ ''မူဝါဒ'' ကို အခြေခံထားတဲ့ ပါတီဖြစ်ပါတယ်။ ပါတီရဲ့ ''မူဝါဒ'' ဟာ လူအများ ကောင်းစားရေးဝါဒဖြစ်ပါတယ်။ ပါတီရဲ့ လမ်းစဉ်ကတော့ ပြည်သူအကျိုးပြု မြန်မာ့လမ်းစဉ်ဖြစ်ပြီး ဒီလမ်းစဉ်ကို ပြည်သူ့နယ်ပယ်အတွင်း အကောင်အထည်ဖော်တဲ့အခါမှာ အမှားအယွင်း နည်းနိုင်သမျှ နည်းစေဖို့အတွက် မဇ္ဈိမပဋိပဒါ ကျင့်စဉ်နဲ့အညီ ကျင့်သုံးလျက် ရှိနေတဲ့ ပါတီဖြစ်ပါတယ်။
ပါတီတွင်းမှာ စုပေါင်းခေါင်းဆောင်မှု၊ တစ်ဦးချင်းတာဝန်ယူမှု၊ စုပေါင်း တာဝန်ယူမှု၊ စုပေါင်းတာဝန်ခံမှု စတဲ့ ပါတီတွင်း ဒီမိုကရေစီကိုရှင်ရှင်သန်သန် ကျင့်သုံးလျက်ရှိတာကြောင့် ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဖွဲ့စည်းခဲ့တာ သက်တမ်း(၂၉)နှစ်ထဲကို ရောက်ရှိခဲ့ပြီး ဆယ်စုနှစ်သုံးစု နီးပါး စည်းလုံးညီညွတ်၊ တည်ငြိမ်ခိုင်မာစွာရပ်တည်နေတဲ့ ပါတီဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား
၂ဝ၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပစဉ်က မဲဆန္ဒရှင်ပြည်သူများ စဉ်းစားဆုံးဖြတ်ရာမှာ အထောက်အကူပြုနိုင်ဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ''ရွေးကောက်ပွဲကြေညာစာတမ်း'' ကို အသိပေးတင်ပြခဲ့ပြီးဖြစ်ပါတယ်။ အခု ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှာတော့ ကျွန်တော်တို့ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ သဘောထား လုပ်ငန်းစဉ်များအပြင် ဆက်လက်ဖော်ဆောင်သွားမယ့် တစ်နိုင်ငံလုံးနဲ့ တစ်မျိုးသားလုံးအတွက် အရေးကြီးလှတဲ့ အချက်အလက်အချို့ကို တင်ပြ သွားပါမယ်။
ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီး အချိန်ကစပြီး တိုင်းရင်းသား တွေအတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တိုင်းရင်းသားပြည်သူများအားလုံး ဆင်းရဲဒုက္ခမျိုးစုံ တွေ့ကြုံရင်ဆိုင်ခဲ့ရပြီး ယခုလည်းပဲ တွေ့ကြုံနေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ''ငြိမ်းချမ်းရေး'' လုပ်ငန်းစဉ်ကို ၂ဝ၁၁ ခုနှစ်ကစပြီး အကောင်အထည်ဖော်လာခဲ့ရာမှာ ''ငြိမ်းချမ်းရေးသည်တစ်မျိုးသားလုံးအရေး'' ဆိုတဲ့ ခံယူချက်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်များမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ အခုအခါမှာ ငြိမ်းချမ်းရေး ညီလာခံ နှစ်ကြိမ်ကျင်းပခဲ့ပြီးပါပြီ။ ''တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်''ကိုလည်း တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့က လက်မှတ် ရေးထိုးပြီး လက်မှတ်မထိုးဘဲ ကျန်နေတဲ့အဖွဲ့တွေလည်း ရှိနေပါတယ်။ ငြိမ်းချမ်း ရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားနိုင်ဖို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပသွား ဖို့ ဆောင်ရွက်လျက်ရှိနေပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်အားလုံးမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေပါတယ်။ ဆက်လက် ပါဝင်သွားမှာ ဖြစ်ပါတယ်။
''ငြိမ်းချမ်းရေး''ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ကောင်းမွန်တဲ့ အနာဂတ်ဖြစ်ပါ တယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ''ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး''၊ ''လူမှုစီးပွားစည်ပင်ဖွံ့ဖြိုးတိုးတက်ရေး'' မျှော်မှန်းချက်တွေ ဟာ''ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး'' အပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ပထမ ခြေလှမ်းဖြစ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးက လက်မှတ်ရေးထိုး ကြပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးကြတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေးကို အရယူပေးကြပါလို့ ကျွန်တော်တို့ပါတီရဲ့သဘောထားကို မဲဆန္ဒရှင်ပြည်သူများမှတစ်ဆင့် တင်ပြအပ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား
ဒီကနေ့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ ''ဘုံ'' ရည်မှန်းချက်ဟာ ငြိမ်းချမ်း စွာဖြင့် ''ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး'' တည်ဆောက်ရေးပဲဖြစ်တယ်လို့ ကျွန်တော်တို့ပါတီက ခံယူထားပါတယ်။ ဖက်ဒရယ်စနစ်နဲ့စပ်လျဉ်းပြီး နိုင်ငံအလိုက် ပုံစံအမျိုးမျိုးရှိကြပေမယ့် အဓိက အားဖြင့်တော့ ပြည်ထောင်စုအစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေ ပိုမိုပေးရပါမယ်။ အာဏာခွဲ ဝေမှု၊ နိုင်ငံသယံဇာတရင်းမြစ်များ ခွဲဝေမှု၊ ဘဏ္ဍာရေးနဲ့ အခွန်ရငွေတွေကို မှန်ကန်မျှတစွာ ခွဲဝေနိုင်မှုတွေဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစနစ်ကို ကျင့်သုံးတဲ့အခါမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်သမိုင်းကြောင်း၊ ရိုးရာအစဉ်အလာ၊ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ ကိုက်ညီတဲ့ ''အရိုးကို အရွက်မဖုံးတဲ့'' ဖက်ဒရယ်ပုံစံဖြစ်ဖို့ အရေးကြီးလှပါတယ်။ ဒီအခြေခံမူသဘောထားတွေနဲ့အညီ ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ပါတီ အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။
ဒီလိုဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာမှာ ကျွန်တော်တို့ ညီအစ်ကိုတိုင်းရင်းသားတွေအချင်းချင်း တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုရှိရေးနဲ့ စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်သွားနိုင်ဖို့ တိုင်းရင်းသားများအရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ပါတီက ချမှတ်ထားတဲ့ သဘောထား ''(၄)ချက်'' ကို တင်ပြပါမယ်။ ဒီအချက်တွေကတော့-
(၁) တိုင်းရင်းသားလူမျိုးများအတွင်း တန်းတူရည်တူရှိရေး ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအတွင်းမှာ လူမျိုးကြီး၊ လူမျိုးငယ် မခွဲခြားရေး၊ အခွင့်ထူးခံမရှိစေရေး၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ခေါင်းပုံ မဖြတ်ရေး၊ လူညွန့်မခူးရေးအချက်တွေ ပါဝင်ရမှာဖြစ်ပါတယ်။
(၂) တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိစေရပါမယ်။
(၃) တိုင်းရင်းသားလူမျိုးတစ်မျိုးအနေနဲ့ ရှင်သန်ရပ်တည်ပိုင်ခွင့်ရှိရေးပါ။ လူမျိုးတစ်မျိုးအနေနဲ့ ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးတမ်း၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေ ပျောက်ပျက် မသွားစေရေး ထိန်းသိမ်းဆောင်ရွက်ခွင့်တွေ ရရှိစေရပါမယ်။
(၄) တိုင်းရင်းသားလူမျိုးများအတွင်း ညီညာတဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်ရှိ စေရေးဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုး တစ်မျိုးနဲ့တစ်မျိုး ဖွံ့ဖြိုး တိုးတက်မှုကွာဟချက် နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရေး၊ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေအကြား သယံဇာတ၊ ဓနဥစ္စာ ခွဲဝေသုံးစွဲခွင့် ညီညွတ်မျှတစွာ ခွဲဝေရေးတို့ကို လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီက အခုတင်ပြတဲ့အချက်တွေနဲ့အညီ တိုင်းရင်းသားတွေ အတွင်း ကျင့်သုံးသွားနိုင်မယ်ဆိုရင် တိုင်းရင်းသားပြည်သူတွေ လိုလားတောင့်တ နေကြတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကျင့်သုံးရေးလုပ်ငန်း တွေ မလွဲမသွေ အောင်မြင်မှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လူများစုကြီးဖြစ်တဲ့ တောင်သူလယ်သမားများ ခံစားနေရတဲ့ လယ်ယာမြေပြဿနာတွေ၊ သီးနှံဈေးနှုန်း ''ကမောက်ကမ'' ဖြစ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက် စတာတွေကို လုပ်ဆောင်မယ်ဆိုရင် လယ်ယာမြေမူဝါဒဟာ ''လယ်သမားလုပ်တဲ့မြေ၊ လယ်သမားပိုင်ဆိုင်ရေး'' ဖြစ်ရပါမယ်။ ယခုပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေကို ပြန်လည်ပြင်ဆင် ရမှာဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်နဲ့ မြေယာမူဝါဒကိုက်ညီရေး၊ ''လယ်သမားလုပ်တဲ့မြေ၊ လယ်သမားပိုင်ဆိုင်ရေး''အတွက် ဥပဒေနည်းလမ်း၊ နိုင်ငံရေးနည်းလမ်း၊ စီးပွားရေးနည်းလမ်းများနဲ့ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဟာ တောင်သူလယ်သမားများအရေးနဲ့ပတ်သက်ပြီး ဝန်ကြီး ဌာန၊ ကုမ္ပဏီကြီးများက သိမ်းယူထားတဲ့ လယ်ဧကလေးသောင်းနှစ်ထောင်ကျော် လယ်သမားတွေပြန်ရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နစ်နာဆုံးရှုံးသွားတဲ့ လယ်ယာမြေများအနက် နစ်နာကြေး၊ လျော်ကြေးငွေ၊ ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် လယ်သမားတွေရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နှစ်ပေါင်း သုံးဆယ်ကျော် စိုက်ပျိုးစရိတ်ချေးငွေ မရရှိခဲ့တဲ့ လယ်ဧက ခုနစ်သောင်းကျော် စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ရရှိအောင် ကူညီပေးနိုင်ခဲ့ ကြောင်းကိုလည်း အသိပေးတင်ပြအပ်ပါတယ

ဆက်လက်ပြီး အလုပ်သမားများနဲ့ပတ်သက်တဲ့ သဘောထားကို တင်ပြပါမယ်။ ဒီကနေ့ အလုပ်သမားတွေရဲ့ နယ်ပယ်၊ စက်ရုံ၊ အလုပ်ရုံတွေ မှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားအဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်းရေး၊ လုပ်ငန်းခွင်တိုင်းမှာ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆို ကျင့်သုံးရေး၊ ဒါ့အပြင် ရွှေ့ပြောင်း လုပ်သား(Migrant Workers)များ အရေးမှာလည်း ကျယ်ပြန့်စွာ လေ့လာပြီး ပံ့ပိုးကူညီဆောင်ရွက်သွား မှာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်အညွန့် အဖူး လူငယ်တွေနဲ့ပတ်သက်ပြီး ''လူငယ်မူဝါဒ'' ချမှတ်ရေးဆွဲရေးလုပ်ငန်း တွေမှာ တက်ကြွစွာလှုပ်ရှားဆောင်ရွက် လျက်ရှိပါတယ်။ ဆက်လက်ပြီးတော့ လည်း ဆောင်ရွက်သွားပါမယ်။
အမျိုးသမီးများရဲ့အင်အားဟာ နိုင်ငံအတွက် အရေးပါတဲ့အင်အားစု ကြီးဖြစ်နေကြောင်း စာရင်းဇယားများက ဖော်ပြနေပါတယ်။ နိုင်ငံနယ်ပယ် အသီးသီးမှာ အမျိုးသမီးများ ခေါင်းဆောင်မှု၊ တန်းတူရည်တူရှိမှု၊ ပိုမို အဆင်မြင့်စွာ ပါဝင်လာနိုင်မှုတွေရှိလာဖို့ လိုပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေ မြင့်တက်အောင်ဆောင်ရွက်ရင်း နိုင်ငံနယ်ပယ်အသီးသီး အတွင်း ရာခိုင်နှုန်းအရ ပါဝင်နိုင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်သွားမှာဖြစ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား
၂ဝ၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကျွန်တော်တို့ပါတီအပေါ် မဲဆန္ဒရှင်များ လေ့လာအကဲခတ်နိုင်စေဖို့ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ဖြစ်တည်မှု၊ ဝါဒ၊ လမ်းစဉ်၊ ကျင့်စဉ် များနဲ့ သဘောထားလုပ်ငန်းစဉ်များကို အကျဉ်းချုပ်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်ပြည်သူတွေအတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူများက ဒီအခွင့်အရေးကို အသုံးချပြီး နိုင်ငံတော်နဲ့ ပြည်သူ တစ်ရပ်လုံးရဲ့အကျိုးကို အမှန်တကယ်သယ်ပိုးပေးနိုင်မယ့် ကျွန်တော်တို့ ပါတီရဲ့ ကိုယ်စားလှယ်တွေကို ဆန္ဒပေးရွေးချယ်ပေးနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။
မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို မဲပေးကြပါစို့
မြန်မာပြည်အေးချမ်းဖို့ တိုင်းရင်းသားဒို့ပါတီ ယှဉ်ပြိုင်ပါမည်
မြန်မာပြည်အေးချမ်းဖို့ တိုင်းရင်းသားဒို့ပါတီ ယှဉ်ပြိုင်ပါမည်
စည်းလုံးမှုအရင်းတည် ညီညာကာလက်တွဲ
စည်းလုံးမှုအရင်းတည် ညီညာကာလက်တွဲ
ခြိမ့်သဲလို့ဝေဝေစည် တို့ပါတီအောင်ရမည်
ခြိမ့်သဲလို့ဝေဝေစည် တို့ပါတီအောင်ရမည်ရှင့်
ခြိမ့်ခြိမ့်သဲလို့ဝေဝေစည်စည် တို့ပါတီအောင်ရမည်ဗျ
ခြိမ့်ခြိမ့်သဲလို့ဝေဝေစည်စည် တို့ပါတီအောင်ရမည်ရှင့်
ဝိုင်းဝန်းလို့ ထောက်ခံပါသည်
တို့မြန်မာပြည်ကောင်းဖို့အရေး
သွားစို့မနှေး အလိုဗျာ မဲပေးကြပါစို့လေး
တိုင်းရင်းသား တိုင်းရင်းသား အများအကျိုးဆောင်မယ့် တိုင်းရင်းသား
အများအကျိုးဆောင်မယ့် တိုင်းရင်းသား တိုင်းရင်းသား
တိုင်းရင်းသားတို့မှန်းမျှော်ရည် ဒီမိုကရေစီဖော်ဆောင်ဖို့ပဲ
တိုင်းရင်းသားတို့မှန်းမျှော်ရည် ဒီမိုကရေစီဖော်ဆောင်ဖို့ပဲ
တိုင်းရင်းသားတို့ရည်မျှော်တာ နိုင်ငံတော်မှာအေးချမ်းဖို့ပဲ
နိုင်ငံတော်မှာအေးချမ်းဖို့ပဲ တိုင်းရင်းသားတို့ရည်မျှော်တာ
တိုင်းရင်းသားတို့ရည်မျှော်တာ အေးချမ်းပါတဲ့ ပြည်မြန်မာ၊
ဖွံ့ဖြိုးဝေဆာ စည်ပင်သာဖို့
ဖွံ့ဖြိုးဝေဆာ စည်ပင်သာဖို့ အေးချမ်းပါတဲ့ ပြည်မြန်မာ
ညီညီညွတ်ညွတ်လုပ်ကြလျှင် မြန်တိုင်းတစ်ခွင်စည်ပင်မှာပေါ့
မြန်တိုင်းတစ်ခွင်စည်ပင်မှာပေါ့ ညီညီညွတ်ညွတ်လုပ်ကြလျှင်
တိုင်းရေးပြည်ရေးချင့်တွေးသော် ညီညွတ်ရေးနော်အဓိကပဲ
ညီညွတ်ရေးနော်အဓိကပဲ
စားဝတ်နေရေးပြည့်စုံလို တိုင်းရင်းသားကိုမဲပေးကြစို့
တိုင်းရင်းသားကိုမဲပေးကြစို့ စားဝတ်နေရေးပြည့်စုံလို
နိုင်ငံတစ်ဝှမ်းအေးချမ်းချင်လျှင် တိုင်းရင်းသားကိုမဲပေးကြစို့
တိုင်းရင်းသားကို မဲပေးကြစို့ နိုင်ငံတစ်ဝှမ်းအေးချမ်းလို
တိုင်းရင်းသားရဲ့စေတနာ တိုင်းနဲ့ပြည်ရွာပျံ့နှံ့စေသား
တိုင်းနဲ့ပြည်ရွာ ပျံ့နှံ့စေသား တိုင်းရင်းသားရဲ့ စေတနာ
ဟေ့မောင်တို့၊ ဟေ့မယ်တို့
ဟေ့မယ်တို့၊ ဟေ့မောင်တို့
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို မဲပေးကြပါစို့။

No comments:

Post a Comment