Sunday, January 1, 2017

ဘာသာပေါင်းစုံ နှစ်သစ်ကူးဆုတောင်းစကားများ



Image may contain: 1 person, outdoor
ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ၏ နှစ်သစ်ကူးဆုတောင်းစကားများကို စုစည်းဖော်ပြလိုက်ပါသည် -
မန်းစံသိန်းထွန်း (သိက္ခာတော်ရဆရာတော်)
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်

၂ဝ၁၆ တစ်နှစ်လုံး ဘုရားသခင် ပို့ဆောင်ခဲ့တဲ့အတွက် ၂ဝ၁၇ နှစ်သစ်ကို ဝင်စားရတော့မယ်။ ကျွန်တော်တို့ ဘာသာရဲ့ ယုံကြည်ခံယူချက်ကတော့ နှစ်သစ်တိုင်းကို ဘုရားသခင်က အသစ်ပြင်ဆင်ပေးထားတယ်။ လူသစ်၊ စိတ်သစ်ပေါ့။
နှစ်သစ်ဆိုတာက အဟောင်းတွေ၊ မကောင်းတာတွေ၊ ဒုက္ခတွေ အကုန်လုံးကျန်ခဲ့ရမယ့် အခြေအနေဖြစ်တဲ့ အတွက် ၂ဝ၁၇ နှစ်သစ်မှာတော့ မြန်မာနိုင်ငံကြီးအတွက် အဓိကလိုအပ်တဲ့ ငြိမ်းချမ်းခြင်းတွေ၊ ငြိမ်သက်ခြင်းတွေ၊ ဝမ်းမြောက်ခြင်းတွေနဲ့ လူသားအားလုံး ပျော်ရွှင်တဲ့ နှစ်တစ် နှစ်ဖြစ်ဖို့ ကျွန်တော်တို့အနေနဲ့ ဆုတောင်းပါတယ်။
ဂျွန်စောယောဟန် (လက်ထောက်ဆရာတော်) 
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်အသင်းတော်

ကျွန်တော်တို့ လာမယ့် ၂ဝ၁၇ ခုနှစ်မှာ မြန်မာပြည်မှာရှိတဲ့ တိုင်းသူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်း သာယာပါစေကြောင်း ဆုမွန်ကောင်းပြုပါတယ်။ လူတိုင်း လူတိုင်း ညီတူညီမျှ လူ့အခွင့်အရေးတွေ ရနိုင်ကြပါစေလို့ ဆန္ဒပြုတယ်။
ကျွန်တော်တို့ တိုင်းပြည်တိုးတက်ဖို့၊ စည်ပင်ဝပြောဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် နိုင်ငံသူ နိုင်ငံသားတိုင်း ပါဝင်ကြိုးစားမယ်ဆိုရင် ကမ္ဘာ့အလယ်မှာ မြန်မာပြည်ကြီးဟာ ငြိမ်းချမ်းတဲ့ မြန်မာပြည် ကြီး ဖြစ်မှာပါ။ ကျွန်တော်တို့အားလုံး တတ်နိုင်တဲ့ဘက်က နေ ပါဝင်ကြိုးစားကြရအောင်လို့ ဖိတ်ခေါ်ပါတယ်။
ဟာဂျီဦးအေးလွင်
အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဝင်

အဟောင်းအညစ်တွေကို အကောင်းအသစ်တွေနဲ့ နှစ်သစ်မှာပြောင်းပစ်မယ်။ ပြောင်းလဲတယ်ဆိုတဲ့ နေရာမှာလည်း ကျွန်တော်တို့ အစ္စလာမ်ဘာသာရဲ့ ကျမ်းမြတ် ကုအာန် စကားလေးတစ်ခု လက်ဆောင်ပါးချင်ပါတယ်။ ''မိမိကိုယ်မိမိ မပြောင်းလဲတဲ့ကာလပတ်လုံး ဘုရားသခင်ကလည်း သင်တို့ရဲ့ဘဝကို ပြုပြင်ပြောင်းလဲပေးမှာ မဟုတ် ပါဘူးတဲ့။ အဲဒီတော့ ပြောင်းလဲခြင်းကို လိုချင်တဲ့လူတွေ ဟာ တစ်ဦးချင်းကနေ စပြောင်းပေးရပါမယ်။ ကျွန်တော်တို့ စိတ်နေစိတ်ထားတွေ၊ လုပ်ရပ်တွေကအစ ပြောင်းလဲလိုက် မယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာ ကောင်းသော ပြောင်းလဲခြင်းနဲ့ နှစ်သစ်ကို ကြိုဆိုနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကလည်း နှစ်သစ်မင်္ဂလာမှာ ကောင်းချီးမင်္ဂလာအဖြာဖြာနဲ့ မြန်မာနိုင်ငံရဲ့ ကျက်သရေ ရှိလှတဲ့ မတူညီမှုမှာ အားအဖြစ်ရှိနေတဲ့ စစ်မှန်သော မြန်မာအလှကိုလည်း ဖော်ကျူးနိုင်ကြပါစေလို့ နှစ်သစ် မင်္ဂလာစကား ပြောကြားပါတယ်။
ဆဲမီဆမ်မြူရယ်
မြန်မာနိုင်ငံ ဂျူးဘာသာအသင်းအဖွဲ့ချုပ်ခေါင်းဆောင်

၂ဝ၁၇ ခုနှစ်အတွက် နှစ်သစ်စကားကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ မှီတင်းနေထိုင်ကြတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံအားလုံး ချစ်ခင်ရင်းနှီးစွာနဲ့ နှစ်ပေါင်းများစွာ ဆက်လက်နေနိုင်ကြပါစေလို့ ကျွန်တော်တို့ ဂျူးဘာသာအနေနဲ့ ဆုတောင်းမေတ္တာပို့သပါတယ်။
ဦးထွန်းငြိမ်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် စာရင်းစစ်

၂ဝ၁၇ မြန်မာနိုင်ငံ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ညီအစ်ကိုသဖွယ် ချစ်ခင်ရင်းနှီးစွာနဲ့ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်နိုင်ပါစေလို့ ဟိန္ဒူဘာသာရေး အဖွဲ့ချုပ်အနေနဲ့ ဆုတောင်းမေတ္တာပို့သပါတယ်။
ဦးဆန်းဝင်း (အဖွဲ့ဝင်)
မြန်မာနိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာပြုအဖွဲ့ချုပ်

မကြာခင် ၂ဝ၁၇ နှစ်သစ်ကိုရောက်တော့မှာ ဖြစ်တာကြောင့် မြန်မာပြည်သူ၊ ပြည်သားအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်း မေတ္တာပို့သပါတယ်။ ကျွန်တော်တို့အားလုံး စိတ်ထဲမှာ ရှိနေတာ ကမ္ဘာကြီးကို တိုးတက်ကောင်းမွန်ဖို့ပါ။ တိုးတက် ကောင်းမွန်ဖို့ ဘယ်လိုကြိုးစားဆောင်ရွက်ကြမလဲဆိုတဲ့ အပိုင်းကလည်း အရေးကြီးပါတယ်။ ကမ္ဘာကြီး ပိုမိုကောင်း မွန်တဲ့ဘက်ကို ရွေ့လျားနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာပြုအဖွဲ့ချုပ်အနေနဲ့ အစဉ်ဆုတောင်း မေတ္တာပို့သနေပါတယ်ဆိုတာ ပြောချင်ပါတယ်။
တွေ့ဆုံမေးမြန်း - ရဲခေါင်ညွန့်
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment