Sunday, January 1, 2017

ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်နေသူများ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများ



Image may contain: 1 person, indoor
နှစ်သစ်တွင် ဖြစ်ပေါ်လာမည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်း ရေးကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက် နေသူများ၏ အမြင်များကို တင်ပြလိုက်ပါသည်-
ဒေါက်တာတင်မျိုးဝင်း 
ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ

ငြိမ်းချမ်းရေးအတွက်တစ်ဖက်နဲ့ တစ်ဖက်ထိတွေ့ဆက်ဆံမှု၊ စကား ပြောဆိုမှု၊ အပေးအယူလုပ်ညှိနှိုင်းမှု တွေက နံပါတ်တစ်ပါ။ ဘယ်ကိစ္စကို မဆို ဖြေရှင်းတဲ့နည်းဟာ လက်နက် မဟုတ်ပါဘူး။ အားလုံးတွေ့ဆုံဆွေး နွေးပြီးတော့ ယုံကြည်မှုတည်ဆောက်ကြမယ်။ လိုအပ်ချက်တွေ ဖြည့်ဆည်း ပေးကြမယ်။ အားနည်းချက်၊ အားသာ ချက်မထားဘဲ ဘုံရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးကို သွားကြမယ်ဆိုရင် ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ၂ဝ၁၇ မှာဆို ဒီကိစ္စကို အများဆုံး ကြိုးစားပြီးဆောင်ရွက်မှာပါ။
အခု ကျွန်တော်တို့ လုပ်ခဲ့တဲ့လပိုင်း အတွင်းမှာဆို တိုးတက်မှုတွေ အများကြီးရှိပါတယ်။ ဥပမာဆို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကိုအဖွဲ့ပေါင်းစုံက တက်ရောက်ကြပါ တယ်။ စာတမ်းပေါင်း ၇၂ စောင်ကိုလည်း ပြုစုပြီးတော့ သူတို့ရဲ့ လိုအပ် ချက်တွေ၊ အားနည်း၊ အားသာချက် တွေ၊ သူတို့ဆီမှာရှိတဲ့ ပြဿနာတွေ တင်ပြကြပါတယ်။ ဒါကို အခြေခံပြီး ယုံကြည်မှု တည်ဆောက်ကြမယ်။ ဒီပြဿနာကို အတူပေါင်း ဖြေရှင်း ကြမယ်ဆိုရင် ၂ဝ၁၇ ဟာ ၂ဝ၁၆ ထက်အများကြီးတိုးတက်မှုရလိမ့်မယ် လို့ ယုံကြည်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု မေတ္တာ၊ တစ်ဖက်မှာ ဖြစ်နေတဲ့ခံစားမှုကို လိုက်လျော ဖြည့်ဆည်းပေးနိုင်မှုနဲ့ အခြေခံပြီး ရှေ့ဆက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူပြည်သားတွေ တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို အစွမ်းကုန်ကြိုးပမ်း နေတယ်လို့ ကျွန်တော်ပြောပါရစေ။
ဦးလှမောင်ရွှေ (အတွင်းရေးမှူး)
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ

ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်က ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အားသာချက်တွေ အများကြီး ရှိနေတာကို တွေ့နေရပြီး အားလုံး ဝိုင်းဝန်းအားစိုက် ကြိုးပမ်းလိုက်ရင် ၂ဝ၁၇ မှာ ပိုကောင်းတဲ့ရလဒ်တွေ ရလိမ့်မယ်လို့ မျှော်လင့်တယ်။ ယုံကြည်မှုတည်ဆောက်တာက အခုလည်း ဆက်လုပ်နေတယ်။ အခုဆို ဆရာဦးသိန်းဇော်တို့ ''ဝ'' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဘက်ကိုသွားတယ်။ ဒါဟာ အင်မတန်ကောင်းတယ်။ ဒီလိုအင်အားကြီးတဲ့ အဖွဲ့နဲ့ တွေ့တာလည်း ယုံကြည်မှုတည်ဆောက်တာပါပဲ။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်အောင်မြင်မြင် လုပ်နိုင်ရင်လည်း တိုင်းရင်းသားတွေဘက်က ယုံကြည်မှုပိုရလာမယ်။ လက်မှတ်ထိုးသူတွေရော၊ မထိုးတဲ့သူ တွေရော ဒါကို စောင့်ကြည့်နေတာဖြစ် တဲ့အတွက် ၂ဝ၁၇ ဖေဖော်ဝါရီမှာ ကျွန်တော်တို့ မူဝါဒဆိုင်ရာ ရလဒ်တွေ ပိုရလာဖို့ မျှော်လင့်တယ်။ ဒါဆိုရင် ၂ဝ၁၇ သြဂုတ်လလောက်မှာ လုပ်နိုင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ရလဒ်ကောင်းတွေ တော်တော်များများရနိုင်ဖို့ မျှော်လင့်တယ်။ ရလည်းရမယ်လို့ ထင်တယ်။
ပဒိုစောကွယ်ထူးဝင်း
(အထွေထွေအတွင်းရေးမှူး)
KNU-ကရင်အမျိုးသားအစည်းအရုံး

ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေရဲ့ ဆန္ဒရှိမှု၊ ရေရှည်အကျိုး အတွက် မြင်နိုင်မှု၊ ရဲစွမ်းသတ္တိရှိမှု၊ စွမ်းဆောင်နိုင်မှု စတဲ့ အရည်အချင်း တွေ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အတူတကွ ပူးပေါင်းဆောင်ရွက် ဆွေးနွေးပြီး အများက လက်ခံတဲ့အဖြေတစ်ခုကို ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လာမယ့် ၂ဝ၁၇ ဟာ ကျွန်တော် တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်နိုင်တဲ့ နှစ်၊ ငြိမ်းချမ်းရေးအတွက် ထပ်မံ ရောက်ရှိမယ့်နှစ်လို့ ကျွန်တော် မျှော်မှန်းရင်းနဲ့ နှုတ်ခွန်းဆက်သအပ် ပါတယ်။
ရဲဘော်မျိုးဝင်း (ဒုတိယဥက္ကဋ္ဌ)
ABSDF--မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

တိုင်းပြည်က နိုင်ငံတကာမပြောနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင်တောင် မငြိမ်းချမ်းတဲ့ အခြေအနေမှာရှိနေတယ်ဆိုတာ အားလုံး အသိပါ။ ဒီအခြေအနေတွေကို မှန်မှန် ကန်ကန်သုံးသပ်ပြီး တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုး၊ ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ပြီးတော့မှ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းပေါ်မှာ အားလုံးဖြေရှင်းနိုင်အောင် ကျွန်တော် တို့အဖွဲ့အစည်းကတော့ ဆတက်ထမ်းပိုး ကြိုးပမ်းသွားပါမယ်။
နှစ်သစ်မှာ ပြည်သူအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာ ခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်း ပါတယ်။ ဘယ်လိုပဲ တိုင်းပြည်မှာရှိတဲ့ စိန်ခေါ်မှုတွေရှိပါစေ။ နှစ်သစ်မှာ စိတ်ဓာတ်ခွန်အား အသစ်တွေနဲ့အတူ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်လွှားပြီးတော့ တိုင်းပြည်ရဲ့အနာဂတ်တစ်ခုကို ဖန်တီးကြဖို့ တိုက်တွန်းပါတယ်။
ရိုလန်ကိုဘီယာ (Roland KOBIA)
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး

အစိုးရသစ်က အာဏာစရလာကတည်းကပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးဖြစ်စဉ်က အန်မတန်အရေးကြီးတယ်။ ဦးစားပေးရမယ့် လုပ်ငန်းစဉ် ဖြစ်တယ်လို့ အားလုံးသိအောင်ပြောခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ ဥရောပသမဂ္ဂအနေနဲ့ ကြိုဆိုတယ်။ ဝမ်းသာ တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ပထမဦးစားပေးရမယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ပြောချင်တဲ့ သတင်းစကားက ရှင်းပါတယ်။ ဒီမိုကရေစီသွားချင်တယ်ဆိုရင် ငြိမ်းချမ်းမှု ရှိအောင် အရင်လုပ်ရပါမယ်။ ပဋိပက္ခတွေနဲ့ ဒီမိုကရေစီ ဆိုတာ ဆန့်ကျင်ဘက်ပါ။ ဒီတော့ ပဋိပက္ခတွေ မရှိဖို့၊ ငြိမ်းချမ်းရေးရဖို့လိုပါမယ်။ ပဋိပက္ခတွေနဲ့ ဆင်းရဲခြင်း ဆိုတာက ယှဉ်တွဲနေတာပါ။ ဒီတော့ ဆင်းရဲခြင်းတွေ ကင်းအောင်အတွက်လည်း ပဋိပက္ခတွေမရှိအောင် အရင်လုပ်ရပါမယ်။
၂ဝ၁၇ နှစ်ကုန်မှာ မြန်မာနိုင်ငံအခြေအနေတွေက အခုထက်အများကြီးတိုးတက်နေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေ ပျော်ရွှင်ပါစေ။
တွေ့ဆုံမေးမြန်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment