Monday, January 30, 2017

(၁၄)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ စုပေါင်းကျင်းပ

Image may contain: 5 people, people standing, sky and outdoor
တာချီလိတ် ဇန်နဝါရီ ၂၉
လားဟူတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး၍ ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊ ရပ်ဝေးရပ်နီးမှ လားဟူတိုင်းရင်းသားများ တွေ့ဆုံချစ်ကြည်ရင်နှီးမှုရှိစေရန်၊ အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ရင်းနှီးချစ်ကြည်မှု ရရှိစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ဖြစ်ထွန်းလာစေရန် ရည်ရွယ်လျက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်အား နှစ်စဉ်ကျင်းပ လျက်ရှိရာ တာချီလိတ်ခရိုင်၏ (၁၄)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို တာလေမြို့ နားယောင်းကျေးရွာ၌ ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားဖွင့်ပွဲကို ဇန်နဝါရီ ၂၇ ရက် နံနက်က ကျင်းပရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်စကားပြောကြားကာ လားဟူစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ ရန်ပုံငွေကျပ် ဆယ်သိန်း ပေးအပ်လှူဒါန်းသည်။ ထို့နောက် လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ်က နှစ်သစ်အမှာစကားပြောကြားသည်။
ဆက်လက်၍ လားဟူတိုင်းရင်းသားများ ကိုယ်စား လားဟူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးကျာဒေါလော်က ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသည့် ဘိုးဘွားမိဘ၊ ဆရာ သမားများနှင့် တာဝန်ရှိသူများအား ရိုသေလေး စားဂါရဝပြုခြင်းနှင့် နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်တွင် စင်ကြယ်စေရန် ရိုးရာဓလေ့ဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာပြုလုပ်ပေးသည်။
ယင်းနောက် နှစ်သစ်ကူးပွဲတော်သို့ တက်ရောက် လာသည့် ဧည့်ပရိသတ်များအား လားဟူတိုင်းရင်းသားရိုးရာ မြေဝိုင်းအက၊ အိုးစည်ဗုံမောင်းအက များဖြင့် ကပြဖျော်ဖြေကာ ဂျင်ပေါက်ပြိုင်ပွဲ၊ ဂုံညင်း ပစ်ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ကျင်းပသည်။ အဆိုပါ လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို ထင်ရှူးပင်များ အဖူးအညွန့် ဝေဆာထွက်သည့် အချိန်၊ မက်မန်းနှင့် ချယ်ရီပန်းများ ဖူးပွင့်သည့် အခါသမယ၌ ကျင်းပလေ့ရှိရာမှ ယခုအခါ တပို့တွဲလဆန်း ၁ ရက် တွင် တစ်ချိန်တည်း နှစ်သစ်ကူးပွဲတော်နေ့အဖြစ် သတ်မှတ်ကာ စုပေါင်းကျင်းပခြင်းဖြစ်သည်။
ယင်းနှစ်သစ်ကူးပွဲတော်မှာ လားဟူတိုင်းရင်းသားများ ကျင်းပသည့် ပွဲသဘင်များအနက် အကြီးအကျယ်ဆုံး ပွဲတော် လည်းဖြစ်ကြောင်း လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment