Monday, January 2, 2017

တူရကီနိုင်ငံ အစ္စတန်ဘူမြို့ရှိ ညကလပ်တစ်ခုတွင် အကြမ်းဖက်သေနတ်ပစ်ခတ်မှုဖြစ်ပွား



Image may contain: 4 people, outdoor
အန်ကာရာ ဇန်နဝါရီ ၁
ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးအခါသမယတွင် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့တော် အစ္စတန်ဘူရှိ ရီနာ ညကလပ်တစ်ခု၌ အကြမ်းဖက်သေနတ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၃၉ ဦးသေဆုံးခဲ့ပြီး ၆၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရသည်။ သေဆုံးသူများအနက် ၁၅ ဦးကျော်မှာ နိုင်ငံခြားသားများဖြစ်သည်။
ဇန်နဝါရီ ၁ ရက် နံနက် ၁ နာရီထိုးပြီးနောက် အကြမ်းဖက်သမားတစ်ဦးက ညကလပ်အတွင်းရှိ နှစ်သစ် ကူးအခါသမယကို ပျော်ရွှင်စွာကြိုဆိုနေကြသည့် ပြည်သူများအား သေနတ်ဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့ကြောင်းနှင့် အကြမ်းဖက်ပစ်ခတ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆိုလုက ဆိုသည်။
တူရကီသမ္မတ ရီဆပ်တေရစ်ပ် အာဒိုဂန်က အဆိုပါ အကြမ်းဖက်သေနတ်ပစ်ခတ်မှုအား ရှုတ်ချသည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ အကြမ်းဖက်ကျူးလွန်မှုများကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားနိုင်သည့်အတွက် အကြမ်းဖက်သမားများကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ယင်းကြေညာချက်ထဲတွင် ပါရှိသည်။
ရီနာညကလပ်သည် ဘိုစပေါ်ရပ်စ် ရေလက်ကြားကို မျက်နှာမူထားသည့် ခရိုင်တစ်ခုတွင် တည်ရှိပြီး နိုင်ငံခြားသားများနှင့် ချမ်းသာကြွယ်ဝသော ဒေသခံပြည်သူများအကြား ရေပန်းစားလှသည်။ အခင်းဖြစ်ပွားစဉ်တွင် နှစ်သစ်ကူးအခါသမယကို ကြိုဆိုနေကြသည့်ပြည်သူများ စည်ကားများပြားလျက်ရှိသည်။
အခင်းဖြစ်ပွားပြီးနောက် ညကလပ်နှင့်အနီးဝန်းကျင်ကို ဖြတ်သန်းသွားလာမှုများ မပြုလုပ်ရန် ယာယီပိတ်ဆို့ ထားသည်။ နိုင်ငံအတွင်းရှိဒေသအားလုံးကို လုံခြုံရေး တင်းကျပ်ထားသည်။
တူရကီနိုင်ငံမြို့တော် အန်ကာရာ၊ အစ္စတန်ဘူမြို့ များအပါအဝင် အခြားသောဒေသများရှိ အကြမ်းဖက်မှု အများအပြားကို အစ္စလာမ္မစ် စစ်သွေးကြွများနှင့် ကာ့ဒ်ရှ် သူပုန်များက ကျူးလွန်လျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment