Sunday, January 1, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကား



Image may contain: 1 person
နိုင်ငံသူ နိုင်ငံသားများခင်ဗျား-
နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
နိုင်ငံသူ နိုင်ငံသားများခင်ဗျား-
နိုင်ငံတော်အစိုးရအနေနဲ့ ၂ဝ၁၆ ခုနှစ်အတွင်း တာဝန်ယူခဲ့တဲ့(၉)လတာ ကာလတစ်လျှောက်မှာ တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ မူဝါဒများဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်ရေး၊ ပြည်သူတို့ရဲ့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
အခုအခါမှာတော့ ဖော်ပြခဲ့တဲ့မူဝါဒများ အောင်မြင်ရေးအတွက် အခြေခံ အနေအထားတွေကို ပျိုးထောင်တည်ဆောက်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် လာမယ့် ၂ဝ၁၇ ခုနှစ် နှစ်သစ်အတွင်းမှာ ဒီမူဝါဒတွေ ပီပြင်စွာ အကောင်အထည်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။
နိုင်ငံသူ နိုင်ငံသားများခင်ဗျား-
သမိုင်းကြောင်းကိုပြန်ပြောင်းကြည့်မယ်ဆိုရင် နိုင်ငံသူ နိုင်ငံသားတွေ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက်ကြတဲ့အခါတိုင်းမှာ တိုင်းပြည်အတွက် ကြီးမားတဲ့အကျိုးကျေးဇူးတွေ ခံစားရစမြဲဖြစ်တယ်ဆိုတာ တွေ့ရှိကြရမှာဖြစ်ပါတယ်။ ထင်ရှားတဲ့ သာဓကတစ်ခုကတော့ ၁၉၄၇ ခုနှစ်မှာ တိုင်းရင်းသား လူမျိုးများအားလုံးရဲ့ စည်းလုံးညီညွတ်မှုပြယုဂ်ဖြစ်တဲ့ ပင်လုံစာချုပ်ချုပ်ဆိုနိုင် ခဲ့ပြီး အဲဒီညီညွတ်မှုရဲ့ရလဒ်အဖြစ် မြန်မာ့လွတ်လပ်ရေးရရှိနိုင်ခဲ့တာဖြစ်ပါတယ်။
အခုအခါမှာလည်း (၂၁)ရာစုပင်လုံညီလာခံကအစပြုပြီး တိုင်းရင်းသား ပြည်သူအများလိုလားတောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတာ အများအသိပဲဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်ဟူသည် အများပြည်သူတို့ရဲ့ ပူးပေါင်းပါဝင်မှုဖြင့်သာ အောင်မြင်နိုင်တာဖြစ်လို့ အခုလိုဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာလည်း နိုင်ငံသူ နိုင်ငံသား အားလုံးတို့က ဒီမိုကရေစီစိတ်ဓာတ် ပြည့်ဝစွာနဲ့ တက်ညီလက်ညီပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။
နိုင်ငံသူ နိုင်ငံသားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။

No comments:

Post a Comment