Saturday, December 3, 2016

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ဆောင်သစ် Terminal 3 မကြာမီ ဖွစ်လှစ်တော့မည်


ရန်ကုန် ဒီဇင်ဘာ ၂
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တိုးချဲ့တည်ဆောက်လျက်ရှိသော လေဆိပ်တိုးချဲ့ဆောင်သစ် Terminal 3 ကို ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ ပြည်တွင်းလေကြောင်းလိုင်းများမှ စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
လေဆိပ်တိုးချဲ့ဆောင်သစ်ကို ပြည်တွင်းခရီးစဉ်များအတွက် အသုံးပြုရန် တိုးချဲခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် Terminal 3 အဆောက်အအုံသစ်ကို ဖွင့်လှစ်သွားမည်ဖြစ်သည်။ ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ ပြည်တွင်းလေကြောင်းလိုင်းများ တိုးချဲ့အဆောက်အအုံသစ်သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ ပြည်တွင်းလေကြောင်း လိုင်းများအားလုံး စတင်အသုံးပြုသွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
'' အရင်က ရန်ကုန်လေဆိပ်ဟာ ခရီးသည် ၂ ဒသမ ၇ သန်း ဝင်ထွက်နိုင်တဲ့ လေဆိပ်ဖြစ်ပေမယ့် ခရီးသည်တိုးတက်များပြားလာတဲ့အတွက် အဆင့်မြှင့် တင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လက အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း တိုးချဲ့ဆောင်သစ် Terminal 1 ကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ Terminal 3 ကိုလည်း ပြည်တွင်းလေကြောင်းလိုင်း ဆိုပေမယ့် နိုင်ငံတကာအဆင့် Terminal ကဲ့သို့ ဆောင်ရွက်ထားပါတယ်။ အခု အဆောက်အအုံသစ်မှာဆိုရင် ပြည်တွင်းခရီးသည်တွေ အတော်ကိုအဆင်ပြေ သွားပါလိမ့်မယ်'' ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်စီမံကိန်း အကောင်အထည် မပေါ်မီကာလ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တိုးချဲ့စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာတွင် တစ်နှစ်လျှင် ခရီးသည် သန်း ၂ဝ အထိ ဝန်ဆောင်မှု ပေးနိုင်မည့် စီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်း အဆင့်သုံးဆင့်၏ ပထမအဆင့် စီမံကိန်း တစ်ခုဖြစ်သော ပြည်ပခရီးသည် အဝင်အထွက် ပြုလုပ်မည့် Terminal 1 အဆောက်အအုံသစ်နှင့် ပြည်တွင်းခရီးသည် အဝင်အထွက် ပြုလုပ်မည့် Terminal 3 အဆောက်အအုံ တည်ဆောက်ခြင်းများ ပါဝင်ကြောင်း သိရသည်။
စီမံကိန်းခန့်မှန်းကုန်ကျငွေမှာ ပထမအဆင့်စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၃၇၂ ဒသမ ၆၁၈ သန်း၊ ဒုတိယအဆင့်အတွက် အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၂၅ဝ သန်း၊ တတိယအဆင့်အတွက် အမေရိကန်ဒေါ်လာ ၁ဝ၆ ဒသမ ၅၇၇ သန်း၊ စီမံကိန်းကာလ ချေးငွေ အတိုး ၇၃ ဒသမ ၂၁၆ သန်း စုစုပေါင်း ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၆၃၃ ဒသမ ၂၁၁ သန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆင့်မြှင့်တင်ခြင်း စီမံကိန်းများကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလက လေကြောင်းညွှန်ကြားမှု ဦးစီးဌာနနှင့် တင်ဒါအောင် ကုမ္ပဏီဖြစ်သော Pioneer Aerodrome Services Co.,Ltd ၊ China Harbour Engineering Co.,Ltd ၊ CPG Consultancy Pte.,Ltd ၊ Malaysia Airport Consultancy Services Co.,Ltd တို့ပါဝင်သော Yangon Aerodrome Co.,Ltd တို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကာလမှာ ပြင်ဆင်မှုများအတွက် ၆ လ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် ၁၈ လအတွင်း အပြီးဆောင်ရွက်ရန်နှင့် စုစုပေါင်း ၂ နှစ်အတွင်း အပြီးဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။
ဆုနှင်းလဲ့ - ဓာတ်ပုံ- ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment