Saturday, December 3, 2016

ပြည်သူလူထု၏ နိုင်ငံရေးအသိတရား



Image may contain: text
နိုင်ငံတော်၏ ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်မှု အုတ်မြစ်တို့ကို စိန်ခေါ်ချက် ပေါင်းစုံရင်ဆိုင်လျက် တည်ဆောက်နေရသော ပစ္စုပ္ပန်ကာလမျိုး၌ အခက်အခဲတို့ကို ထောက်ပြ၍ ဝေဖန်ထိုးနှက်မှုများ ပြုလုပ်ကြသည်မှာ ရှောင်လွှဲ၍ မရနိုင်သော နိုင်ငံရေးသဘာဝဖြစ်ပါသည်။
လူထုအစိုးရသစ်သည် နှစ်ပေါင်းများစွာ စုပြုံတည်ရှိနေသော ပြဿနာတို့ကို ရင်ဆိုင်ဖြေရှင်းနေရသည်ဆိုသောအချက်ကို နှလုံးသွင်း ရုံမျှဖြင့် အဆိုပါ ဝေဖန်ထိုးနှက်မှုများ၏ နောက်ကွယ်မှ နိုင်ငံရေးသဘော သဘာဝကို ဆင်ခြင်နိုင်မည်ဖြစ်ပါသည်။
တိုင်းပြည်အပေါ် တာဝန်သိသော သတင်းမီဒီယာများအပါအဝင် ပြည်သူလူထုတို့အနေဖြင့် ဤဝေဖန်ထိုးနှက်မှုများ၏ အန္တရာယ်ကို အပြန်အလှန်သတိပေးကြရန် လိုအပ်ပါသည်။ တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများ အနေဖြင့်လည်း တိုင်းပြည်ကရင်ဆိုင်ရလျက်ရှိသော ပြဿနာတို့အား ပြည်သူလူထု မှန်မှန်ကန်ကန် နားလည်သဘောပေါက်စေရန်အတွက် ပိုမိုအားထုတ်တင်ပြပေးရန်ကိုလည်း တိုက်တွန်းတင်ပြလိုပါသည်။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တွေ့ဆုံရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ''ဘယ်အစိုးရမှ၊ ဘယ်သူမှအမှားမရှိဘူးဆိုတာ မရှိပါဘူး။ အဲဒီတော့အမေတို့ အစိုးရအနေနဲ့ ပြုပြင်သင့်တာတွေ ရှိလို့ရှိရင်လည်း ရဲရဲဝံ့ဝံ့နဲ့ စေတနာ အပြည့်အဝနဲ့ အကြံပြုကြပါလို့လည်း မေတ္တာရပ်ခံချင်ပါတယ်''ဟု ပြောကြားခဲ့ခြင်းအပေါ် အလေးအနက် ထောက်ခံကြိုဆိုအပ်ပါသည်။ စေတနာအရင်းခံသော ထောက်ပြအကြံပြုမှုနှင့် ဝေဖန်ထိုးနှက်မှုတို့ကြား ကွာဟချက်ကို ဖတ်ကြည့်သည်နှင့်တစ်ပြိုင်တည်း နှလုံးသားမှ ခံစားသိရှိနိုင်ပါသည်။ နိုင်ငံသူနိုင်ငံသားများသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြားခဲ့သကဲ့သို့ တိုင်းပြည်အတွက် ထောက်ပြသင့် ထောက်ပြထိုက်သည်များကို စေတနာအရင်းခံ၍ ရဲရဲဝံ့ဝံ့ တင်ပြကြရန်လိုအပ်ပါသည်။ တာဝန်ရှိပုဂ္ဂိုလ် အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်သူလူထုက ဤကဲ့သို့ ရဲရဲဝံ့ဝံ့တင်ပြနိုင်ရေးအတွက် နည်းလမ်းများ ပိုမိုဖန်တီး ပေးရန်ကိုလည်း တိုက်တွန်းတင်ပြလိုပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လူထုအစိုးရသစ်အနေဖြင့် အဂတိလိုက်စားမှု ကင်းရှင်းရေးကို နံပါတ်တစ် ဦးစားပေးသတ်မှတ်၍ ဆောင်ရွက်နေသည်ဟူသော ရှင်းလင်းတင်ပြချက်အပေါ် အပြည့်အဝထောက်ခံကြောင်း ဖော်ပြအပ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်၏ ယန္တရားအသီးသီး၌ ဗဟိုနှင့်အထက် မှသာဆုံးဖြတ်နိုင်သည်ဆိုသော လုပ်ထုံးလုပ်နည်းတို့ ဖြေလျှော့သွားရန် စီစဉ်ဆောင်ရွက်နေသည်ဟူသော ရှင်းလင်းတင်ပြချက်သည် တိုင်းပြည်က တောင်းဆိုနေသော သမိုင်းရေးလိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းဆောင်ရွက်လိုက်ခြင်းပင် ဖြစ်ပါသည်။
နိုင်ငံတော်၏ ယန္တရားအသီးသီး ထက်မြက်သွက်လက်နေမှသာလျှင် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ဤကဲ့သို့ နိုင်ငံတော်၏ ယန္တရားအသီးသီး ထက်မြက် သွက်လက်ရေးကို ဆောင်ရွက်ရာ၌ လုပ်ပိုင်ခွင့်တို့ကို ဗဟိုနှင့်အထက်ကသာ ချုပ်ကိုင်ခြင်းမျိုးကို ရှောင်ရှား၍ နိုင်ငံတော်ယန္တရားတို့၏ အဆင့်အသီးသီး သို့လိုအပ်သကဲ့သို့ တာဝန်ခွဲဝေသတ်မှတ်ပေးနိုင်ရေးသည် အဓိက လိုအပ်ချက် တစ်ရပ်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေအပေါ် သုံးသပ်ထားသည့် တချို့သော ပြည်တွင်း၊ ပြည်ပဝေဖန်မှုများ၌ လူထုအစိုးရသစ်သည် ဖွံ့ဖြိုးတိုးတက်ရေးထက် ပြည်တွင်းငြိမ်းချမ်းရေးကို ပိုမိုဦးစားပေး ဆောင်ရွက်နေသည်ဟူသော သဘောထားများကို တွေ့ရှိရပါသည်။ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတို့နှင့် တွေ့ဆုံရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုအစိုးရသစ်သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ပြိုင် တည်းဆောင်ရွက်နေသည်ဟု ရှင်းလင်းတင်ပြခဲ့သည်။ ဤအထက်ဖော်ပြပါ ဝေဖန်ချက်တို့ကို ရှင်းလင်းချေဖျက်ပြီး ဖြစ်သွားပါသည်။
ချုပ်၍တင်ပြရပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူရောက် နိုင်ငံသူနိုင်ငံသားတို့အား ရှင်းလင်းတင်ပြချက်သည် နိုင်ငံသူနိုင်ငံသားတို့ သိသင့်သိထိုက်သော အချက်အလက်များဖြစ်၍ အလေးအနက်ကြိုဆိုအပ်ပါသည်။ ။

No comments:

Post a Comment