Tuesday, December 27, 2016

ရခိုင်ပြည်နယ်အတွင်းNVC ကတ် ထုတ်ပေးခြင်းနှင့် သုံးမျိုးစာရင်းကောက်ယူခြင်းဆိုင်ရာ သတင်းထုတ်ပြန်


နေပြည်တော် ဒီဇင်ဘာ ၂၆

.ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်သည့်သူများ ကို ထုတ်ပေးထားခဲ့သော ယာယီသက်သေခံလက်မှတ်များ၏ သက်တမ်းသည် ၂ဝ၁၅ ခုနှစ် မေ ၃၁ ရက်က ကုန်ဆုံးသဖြင့် ယင်းနေ့ရက်မတိုင်မီ လာရောက်အပ်နှံကြရန် နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာအမှတ် ၁၉/၂ဝ၁၅ ဖြင့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်အရ ပြန်လည်အပ်နှံရမည့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူပေါင်း ၇၅၉၆၇၂ ဦးရှိသည့် အနက် သတ်မှတ်နေ့ရက်အတွင်း ပြန်လည်အပ်နှံသူပေါင်း ၄၆၉၁၈၃ ဦး ရှိခဲ့ကြောင်း၊ စိစစ်ချက်အရ ပြန်လည်မအပ်နှံနိုင်သူများ မှာ အခြားကတ်တစ်မျိုးမျိုး ရရှိပြီးသူများ၊ ပျောက်ဆုံး/ပျက်စီးသူများ၊ သေဆုံးသူများ၊ ဒေသကင်းကွာ(ပြည်ပ)သူများနှင့် အပ်နှံခြင်းမပြုသေးသူများဖြစ်ကြောင်း သိရှိရသည်ဟု ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းယာယီသက်သေခံလက်မှတ်များအစား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား ( Identity Card for National Verification ) ထုတ်ပေးခြင်းလုပ်ငန်းကို သုံးမျိုးစာရင်းကောက်ယူခြင်း လုပ်ငန်းအဖြစ် ၂ဝ၁၅ ခုနှစ် ဇွန် ၁ ရက်မှ စ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသက်သေခံကတ်ပြားများ ထုတ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ ဖြစ်သော ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် စိစစ်နိုင်ရန် နှင့် စိစစ်နေဆဲကာလအတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်သူအဖြစ် အသိအမှတ်ပြုနိုင်ရန်ဖြစ်ကြောင်း သိရသည်။

သုံးမျိုးစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဖြစ်သည့် မြေပုံရေးဆွဲခြင်း၊ မြေပုံပေါ်တွင် အဆောက်အအုံများတင်ခြင်း နှင့် လူဦးရေစစ်ဆေးခြင်း လုပ်ငန်းများဖြင့် Identity Card for National Verification ကတ်ပြားများ ထုတ်ပေး နိုင်ရေးအား ၂ဝ၁၅ ခုနှစ် ဇွန် ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်အထိ အခြေ အနေမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ယာယီသက်သေခံလက်မှတ်များ ပြန်လည်အပ်နှံမှု စုစုပေါင်း ၄၆၉၁၈၃ ဦးအနက် ၃၂ဝ၁၆ ဦးအားIdentity Card for National Verification ကတ်ပြားများ ထုတ်ပေးပြီးစီးပြီးဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်တစ်ခုတည်းအတွက် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံမှု စုစုပေါင်း ၃၉၇၄၉၇ ဦးရှိသည့် အနက် ၆ဝ၇၇ ဦးကို Identity Card for National Verification ကတ်ပြားများ ထုတ်ပေးပြီးစီးပြီးဖြစ်ကြောင်းနှင့် ယင်းကတ်ပြားများ ဆက်လက်ထုတ်ပေးနိုင်ရေးအတွက် သုံးမျိုးစာရင်းကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment