Saturday, December 3, 2016

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် KIA ၊ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများသေကျေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့်ပတ်သက်၍ အရေးကြီးအဆိုကိုမှတ်တမ်းတင်



Image may contain: 1 person , indoor
နေပြည်တော် ဒီဇင်ဘာ ၂
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA ၊ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများသေကျေခြင်း၊ ဒဏ်ရာရ ခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏အချုပ်အခြာတည်မြဲမှု၊ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှစိုးရိမ်ကြောင်း၊ အရေးကြီးအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။
ယင်းအဆိုကို မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာ အောင်သင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး ပါဝင်ဆွေးနွေးရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက အဆိုအား ထောက်ခံဆွေးနွေးကြပြီး အချို့လွှတ်တော်ကိုယ်စားလှယ်များက အဆိုအား မှတ်တမ်းတင်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။
မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစောက ညီနောင်အချင်းချင်း စစ်ပွဲများရပ်ရန်၊ ညီနောင်အားလုံးကို စားပွဲဝိုင်း ဆီသို့ ဆွေးနွေးဖိတ်ခေါ်ရန်၊ NCA ကို တစ်ပြိုင်တည်း လက်မှတ်ရေးထိုးကြရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံမှတစ်ဆင့် မိမိတို့ တည်ဆောက်လိုသည့် ဖက်ဒရယ်နိုင်ငံသစ်ကို ဝိုင်းဝန်းညှိနှိုင်းအဖြေရှာကြရန် လိုအပ်နေပါကြောင်း၊ သဘောထားကြီးကြီးဖြင့် ညီနောင်တိုင်းရင်းသားများကို နွေးနွေးထွေးထွေးဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို ချီတက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီးက NCA လက်မှတ်ထိုးထားခြင်းမရှိသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ နိုင်ငံရေးအရ ဆွေးနွေးပွဲများ ကျင်းပနေသည့်အချိန်တွင် နိုင်ငံရေးအရ ဝင်ရောက်ဆွေးနွေးညှိနှိုင်းကြရန် မေတ္တာရပ်ခံပါကြောင်း၊ ပြဿနာကို ရိုးသားစွာဝန်ခံညှိနှိုင်းခြင်းနှင့် ပြဿနာကို လက်နက်အကာအကွယ်မယူဘဲ သတိရှိရှိ မျှမျှတတ စဉ်းစားတွေးခေါ်ပြီး အဖြေရှာကြရမည့်အချိန်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေးက တိုက်ခိုက်မှု ဖြစ်စဉ်များကို သုံးသပ်ကြည့်မည်ဆိုပါက တပ်စခန်းများကို သာမန်တိုက်ခိုက်သည့်အဆင့်ထက် ကျော်လွန်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ ထိပါးစော်ကားလာ ခြင်းဖြစ်ပါကြောင်း၊ အဆိုပါပူးပေါင်းအဖွဲ့၏ အကြမ်းဖက် ဆန်ဆန်လုပ်ရပ်များကြောင့် ဒေသခံပြည်သူထောင်ပေါင်းများစွာ စစ်ဘေးရှောင်ဒုက္ခသည်ဘဝကို ရောက်သွားရပါကြောင်း၊ အဆိုပါလုပ်ရပ်များသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ငြိမ်းချမ်းရေးအပေါ် ထိပါးစော်ကားလာခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းအောင်က တရုတ်နိုင်ငံဘက်သို့ ကျည်ကျရောက်မှုကို စိစစ်သည့်အခါတွင် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်အဖွဲ့များက ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် လမ်း၊ တံတား၊ အရပ်သားပစ်မှတ်များကို ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းများသည် ဂျီနီဗာကွန်ဗင်းရှင်း Common Article 3 နှင့် Protocol 2 ၏ Article 4 တို့ကို ချိုးဖောက်ကျူးလွန်ရာရောက်ပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အပါအဝင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူသင့်ပါကြောင်း ဆွေးနွေးသည်။
မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ်က စစ်ပွဲကြောင့် နိုင်ငံအတွင်း ဘဏ္ဍာငွေနှင့် သယံဇာတများ အလဟဿကုန်ခမ်းခြင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် လာရောက်မှုကို ဟန့်တားနေသကဲ့သို့ဖြစ်နေခြင်း၊ အိမ်နီးချင်း နိုင်ငံနှင့် ဆက်ဆံရေးထိခိုက်လာခြင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွားရေးလမ်းကြောင်း ထိခိုက်လာခြင်းတို့ ဖြစ်ပေါ်နေသဖြင့် နိုင်ငံအတွက် များစွာစိုးရိမ်စရာဖြစ်နေပါကြောင်း၊ ယင်းစိုးရိမ်ကြောင့်ကြမှုများမှ ကင်းလွတ်ရန် တစ်ခုတည်းသောအဖြေမှာ ငြိမ်းချမ်းရေးဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့အတူ အဆိုနှင့်စပ်လျဉ်း၍ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ တောင်ကြီးမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်သန်းငွေ၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးမျိုးခိုင်၊ ဖရူဆိုမဲဆန္ဒနယ်မှ ဦးပဲ့ဒူ၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဦးလမာနော်အောင် တို့ကလည်း အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက KIA ၊ TNLA ၊ MNDAA လက်နက်ကိုင်သောင်းကျန်း သူများ၏ လုပ်ရပ်သည် အကောင်အထည်ဖော်ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နှောင့်ယှက် ပျက်စီးစေသည့်အပြင် တည်ဆဲဥပဒေများအရ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်နိုင်သည်ကို စိစစ်တွေ့ရှိရ ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် စုပေါင်းအဖြေရှာနိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း လက်မှတ်ရေးထိုး၍ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြန်ဆုံးပါဝင်နိုင်ရန် တိုက်တွန်းလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၌ စတင်တိုက်ခိုက်ခဲ့သည့် KIA အဖွဲ့ သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မထိုးရသေးသည့် အဖွဲ့ဖြစ်ပြီး MNDAA ၊ TNLA နှင့် AA တို့သည် ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်တင်မြှောက်ခဲ့သော ပြီးခဲ့သည့်အစိုးရ လက်ထက်တွင် စတင်ပေါ်ပေါက်တိုက်ခိုက်ခဲ့သည့် အဖွဲ့ များဖြစ်ပါကြောင်း။
ယင်းအဖွဲ့ သုံးဖွဲ့သည် သမိုင်းကြောင်းနှင့်ချီပြီး ပေါ်ပေါက်လာသည့်အဖွဲ့များမဟုတ်သည့်အပြင် ဒီမိုကရေစီနည်းအရ ဖြစ်သင့်ဖြစ်ထိုက်သည့် လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးများမှတစ်ဆင့် တင်ပြဆောင်ရွက်နိုင်ခွင့်ကို လျစ်လျူရှုပြီး နိုင်ငံတော်ကို တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်ကို လက်နက်စွဲကိုင်ဆန့်ကျင် တိုက်ခိုက်နေသည့် အဖွဲ့များဖြစ်ပါကြောင်း၊ ယင်းအဖွဲ့ သုံးဖွဲ့အနေဖြင့် လက်နက်ကိုင်နည်းလမ်းကို အပြီးတိုင်ချုပ်ငြိမ်းစေရန် ဆန္ဒပြုကြောင်းနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်နက်ကိုင်ဆောင်မှုထိန်းသိမ်းရေး ဆိုင်ရာတို့ကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း၊ သဘောထားထုတ်ပြန်မည်ဆိုပါက NCA အရ ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခွင့်ပြုမည်ဖြစ်ကြောင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)က အဆိုပြုခဲ့သော်လည်း ယင်းတို့အနေဖြင့် လက်သင့်မခံလိုကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကိုသာ ဆုပ်ကိုင်ထားလိုကြောင်း ယခုဖြစ်စဉ်များအရ အထင်အရှားတွေ့ရှိရ မည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုအစိုးရကို နိုင်ငံရေး၊ စီးပွားရေးများ အကျပ်အတည်း ဖြစ်စေရုံမျှမက အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးပါမပြေလည်မှုဖြစ်အောင် ယခုကဲ့သို့ ဆောင်ရွက်လာခြင်းသည် NCA လက်မှတ်မထိုးဘဲ၊ လက်နက်ကိုလည်းမစွန့်ဘဲ နိုင်ငံရေးတွေ့ဆုံပွဲများ တက်ရောက်ခွင့်ရရှိရေးကို အကြပ်ကိုင်တောင်းဆိုလာသည့် သဘောမျိုးဖြစ်နေပါကြောင်း၊ ယင်းသို့တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်ပျက်စီးစေပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု များကိုပါ ခံစားရစေလျက်ရှိပါကြောင်း၊ မူဆယ်မြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်း ငါးခုတွင် တိုက်ပွဲရှောင် လူဦးရေ ၃၂ဝဝ အထိဖြစ်ပေါ်ခဲ့ပါကြောင်း၊ တစ်ဖက်နိုင်ငံတွင်လည်း တိုက်ပွဲရှောင်ပြည်သူ ၂ဝဝဝဝ အထိရှိနေသည် ဟု ကြားသိရပါကြောင်း။
ယင်းအဖွဲ့များက တပ်မတော်စခန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကျည်များ တစ်ဖက်နိုင်ငံအတွင်း ကျော်လွန်ကျရောက်အောင် ပစ်ခတ်ခဲ့ခြင်းအားဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်အောင် တမင်ကြံရွယ် လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ဤကာလအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်း၊ တံတားဖျက်ဆီး ခံရမှု ၇ ကြိမ်၊ လမ်းကြောင်းပိတ်ဆို့မှု ၇ ကြိမ်၊ မြို့ရွာများ နှောင့်ယှက်ပစ်ခတ်ခံရမှု ၇ ကြိမ်၊ မြို့ရွာများတွင် မိုင်းထောင် ဖောက်ခွဲမှု ၇ ကြိမ်၊ အရပ်သားနှင့်ဝန်ထမ်းများ ဖမ်းဆီးသတ်ဖြတ်ခံရမှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့အရပ်သူ အရပ်သားများအနေဖြင့် အမျိုးသမီး ၃ ဦးအပါအဝင် ၁ဝ ဦးသေဆုံးကာ အမျိုးသမီး ၁၁ ဦး အပါအဝင် ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါကြောင်း။
ယခုကဲ့သို့ အပြစ်မဲ့အရပ်သားများအား အကြောင်းမဲ့ သေကျေဒဏ်ရာရစေခြင်း၊ စစ်ဘက်ပစ်မှတ်မဟုတ်သော အခြေခံအဆောက်အအုံများ၊ ယာဉ်များဖျက်ဆီးခြင်း၊ ပြည်သူတို့၏ စီးပွားဥစ္စာပျက်စီးစေခြင်းတို့ကြောင့် KIA ၊ MNDAA ၊ TNLA နှင့် AA အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် လွှတ်တော်က သတ်မှတ်သင့်သည်ဟု ယူဆပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ခေါင်းဆောင်သည့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုနှင့်အညီ အစိုးရအဖွဲ့၏ ရည်မှန်းချက် ဖြစ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့ မထိခိုက်စေရန်အလို့ငှာ တပ်အင်အားကို အနည်းဆုံးသာအသုံးပြုပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့ပြင် ယနေ့အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ အခြေခံပညာကျောင်းများ တည်ဆောက်ရေးအတွက် ဒေသအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေပေါ်မူတည်၍ ဒေသဈေးနှုန်းများအပေါ် အခြေအနေမှန်ဖြင့် တွက်ချက်တင်ပြသည့် အဆောက် အအုံတန်ဖိုးကို အခြေခံပြီး လေလံစနစ်ဖြင့် တည်ဆောက်ခြင်း၊ ဆရာ ဆရာမများ နားနေခန်းပါအဆောက်အအုံ ဒီဇိုင်းပုံစံပြောင်းလဲပေးရန်နှင့် စာသင်ခုံများ၊ သင်ပုန်းများ အား ကျောင်းသား ကျောင်းသူဦးရေနှင့်အညီ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဘဏ္ဍာ ရေးနှစ်တစ်နှစ်အတွက် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေ လျာထားချက်ရေးဆွဲရာတွင် ဒေသဈေးနှုန်းများအပေါ် မူတည်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုပေးထားသော တစ်ပေအတွက်ကုန်ကျစရိတ်နှုန်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိခွဲဝေ ရရှိသော ဘဏ္ဍာငွေအခြေအနေအရ ကျောင်းအဆောက် အအုံပုံစံဒီဇိုင်းတွင် စာသင်ခန်းအပြင် ဆရာ ဆရာမ နားနေ ခန်းပါ ထည့်သွင်းရေးဆွဲတွက်ချက်နိုင်ရန် မြေအကျယ် အဝန်းပေါ်တွင်မူတည်၍ ဆောင်ရွက်စီစဉ်လျက်ရှိပါကြောင်း။
ကျောင်းဆောင်သစ်များ ဆောက်လုပ်သည့် ကျောင်းများအတွက် လိုအပ်သော စာသင်ခုံများနှင့် ကျောင်းသုံးသင်ပုန်းများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်စီမံမှုဖြင့် မြို့နယ်/ကျောင်းများသို့ ဘဏ္ဍာငွေခွဲဝေဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၏ တက္ကသိုလ် တစ်ခုချင်းစီအတွက် ပဋိညာဉ်နှင့် တက္ကသိုလ်အားလုံးကို လွှမ်းခြုံသော ပဋိညာဉ်ရေးဆွဲရေးအတွက် အချိန်၊ မူဘောင်၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂများအားလုံး မည်သည့် အချိန်တွင် တည်ထောင်ပြီးစီးမည်နှင့် သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဥပဒေအရ တက္ကသိုလ်အသီးသီးသည် မိမိတို့တက္ကသိုလ်၏ သဘော သဘာဝနှင့် ကိုက်ညီမှုရှိသော ပဋိညာဉ်စာတမ်းတစ်ခုစီကို ရေးဆွဲနိုင်သည့် အခွင့်အရေးရှိပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ် ပဋိညာဉ်စာတမ်းသည် တက္ကသိုလ်အားလုံးကို လွှမ်းခြုံပြီး ရေးဆွဲခြင်းထက် တက္ကသိုလ်တစ်ခုချင်းကသာရေးဆွဲရန် ဥပဒေက ပြဋ္ဌာန်းထားပါကြောင်း။
အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေ တွင် ''အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ် စာတမ်းနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်လှုပ်ရှား ခွင့်ရရှိရေး''ဟု ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် တက္ကသိုလ်တစ်ခုတွင် ကျောင်းသားသမဂ္ဂဖွဲ့စည်းနိုင်ရေးသည် သက်ဆိုင်ရာတက္ကသိုလ်၏ ပဋိညာဉ်စာတမ်းအရသာ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ယခင်ကျောင်းသား သမဂ္ဂအဆောက်အအုံတည်ရှိခဲ့သော မြေနေရာတွင် ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် ဘက်စုံအသုံးပြု နိုင်သည့် ကျောင်းသားသမဂ္ဂအဆောက်အအုံတစ်ခု ဆောက်လုပ်နိုင်ရန် လိုအပ်သည့် ဘတ်ဂျက်လျာထားမှုများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၊ ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးနှင့် နတ်တလင်းမဲဆန္ဒနယ်မှ ဦးခင်အေးတို့၏ ပညာရေးကဏ္ဍဆိုင်ရာမေးခွန်းများကို ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားခဲ့သည်။
ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment