Saturday, December 3, 2016

ရပ်ရွာလုံခြုံရေးနှင့် ကျေးလက်လမ်းများ ကောင်းမွန်ရေးဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြား



Image may contain: 1 person
နေပြည်တော် ဒီဇင်ဘာ ၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်း၏ လားရှိးမြို့နယ် ကောင်းကြဲ(ပိတ်) ကျေးရွာအုပ်စု နားမွန်ကျေးရွာအတွင်းရှိ တောင်သူ(၁၂)ဦး ပိုင်ဆိုင်သော ကွင်းအမှတ် (၁ဝ၂) ဆွမ်ကွယ်ကွင်းမြေနေရာအား တပ်သိမ်းမြေမှ မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးပါရန်နှင့် နစ်နာ သောတောင်သူများကို မည်ကဲ့သို့ဖြေရှင်းဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မေးခွန်း ပါမြေဧရိယာ ၃ဝ ဒသမ ၂၅ ဧကသည် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၌ ဦးပိုင်အမည်ပေါက် စာရင်းမရှိသည့်အတွက် စိုစိုပြေပြေ အုတ်စက်ရုံက မြေလွတ်မြေရိုင်းများကို တရားဝင်လျှောက်ထားရယူခဲ့သည့် မြေ ၉၁ ဒသမ ၉၄ ဧက အတွင်းပါဝင်ပြီး လျှောက်ထားသည့် နည်းလမ်းအတိုင်း အသုံးမပြုသောကြောင့် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ မြေဧရိယာ ၄၆ ဒသမ ၄၇ ဧက လွှဲပြောင်းရယူခဲ့ပြီး မြေလွတ်မြေရိုင်း စိုက်ပျိုးလုပ်ကိုင်ခွင့် နှစ် ၃ဝ လျှောက်ထားရရှိခဲ့သည့် မြေဧရိယာအတွင်း ပါဝင်ပါကြောင်း။
အဆိုပါမြေဧရိယာ ၄၆ ဒသမ ၄၇ ဧကအား လက်ရှိအချိန်တွင် စစ်မှုထမ်းဟောင်းမြေနေရာအဖြစ် အသုံးပြု ခွင့်ရရှိရေးကို လားရှိုးခရိုင်နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲတည်ဆောက် တင်ပြဆောင်ရွက် လျက်ရှိပါသဖြင့် ပြန်လည်စွန့်လွှတ်ပေးနိုင်မှုမရှိပါကြောင်း၊ မူလမြေပိုင်ဆိုင်မှုစာရင်းတွင် အမည်ပေါက်ပိုင်ဆိုင်သူ စာရင်းပါရှိခြင်းမရှိသည့်အတွက် မြေယာလျော်ကြေး ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ ပေါက်တောမြို့နယ် ချောင်းကြီး ကျေးရွာ အရှေ့ဘက်၌ တည်ရှိသော ချောင်းကြီးချောင်းအား သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရခိုင်ပြည်နယ်အတွင်း ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၁၄၂ ဒသမ ၈၉၂ သန်းဖြင့် ကွန်ကရစ်လမ်း ၃ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၁ မိုင် ၆ ဖာလုံ၊ ကျောက်ချောလမ်း ၂၁ မိုင် ၇ ဖာလုံ၊ မြေသားလမ်း ၂၄ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်တံတား ၂၇ စင်း နှင့် ရေပြွန် ၆၆ စင်း ဆောင်ရွက်ပေးရန် လျာထားပါကြောင်း။
ပေါက်တောမြို့နယ်အတွင်း ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာ ရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၈ဝ ဒသမ ဝ၄ သန်းဖြင့် မြေသားလမ်း ၂ မိုင်နှင့် ကွန်ကရစ်တံတား လေးစင်းဆောင်ရွက်ပေးရန် လျာထားပါကြောင်း၊ ပေါက်တော မြို့နယ်အတွင်းရှိ ချောင်းကြီးချောင်းကူး တံတားအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ပါဝင်ခြင်းမရှိ၍ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ နှစ်အလိုက် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ ဦးစားပေးလျာထား တင်ပြမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၏ ကျွန်းလှမြို့နယ်အတွင်းရှိ သွားလာရန် ခက်ခဲသော ကုက္ကိုကုန်း - အိမ်ခြေလမ်းကို ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကျွန်းလှမြို့နယ်အတွင်း ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၄၁ဝ ဒသမ ၇၉၇ သန်းဖြင့် မြေသားလမ်း ၁ဝ မိုင်၊ သစ်သား တံတား ၁၄ စင်းနှင့် ရေကျော် ၁၇ စင်း ဆောင်ရွက်ရန်လျာထားပါကြောင်း၊ ကုက္ကိုကုန်း - ယင်းတိုက် လမ်းပိုင်း ၂၁ မိုင် ၄ ဖာလုံသည် သစ်တောကြိုးဝိုင်း၌ ကျရောက်နေသည့်အတွက် လုပ်ငန်းဆောင်ရွက်၍ မရပါကြောင်း၊ ယင်းတိုက် - အိမ်ခြေလမ်းပိုင်း အရှည် တစ်မိုင် ၄ ဖာလုံ အား ကျောက်ချောခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်တွင် ပါဝင်ခြင်းမရှိ၍ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ နှစ်အလိုက် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ ဦးစားပေးလျာထားတင်ပြမှုအပေါ်မူ တည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးအေးဗိုလ်နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးတို့၏ ရပ်ရွာလုံခြုံရေးနှင့် ကျေးလက်လမ်းများ ကောင်းမွန်ရေးဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက် နေ့ကို ဒီဇင်ဘာ ၅ ရက် တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
(သူရဇော် - သတင်းစဉ်)

No comments:

Post a Comment