Sunday, December 4, 2016

ငြိမ်းချမ်းရေးကော်မရှင် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ EAOs များအကြား ညှိနှိုင်းဆွေးနွေးမှုရလဒ် အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲ


Image may contain: people standing and one or more people

ရန်ကုန် ဒီဇင်ဘာ ၃
'ဝ'အထူးဒေသ(၂)နှင့် အထူးဒေသ(၄)မိုင်းလားအဖွဲ့များ နှင့် မြေပြင်စစ်ရေးတင်းမာမှုအခြေအနေများအား ဖြေလျှော့ပေးနိုင်ရန် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သော ငြိမ်းချမ်းရေးကော်မရှင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်သည် အောင်မြင်မှုများရှိခဲ့သော်လည်း ဆွေးနွေးပွဲ၏ အခင်းအကျင်း သစ်ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ (EAOs) များအကြား ဆွေးနွေး အဖြေရှာရန် ခက်ခဲမှုများလည်းရှိခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၆ ရက် မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ EAOs များအကြား ညှိနှိုင်းဆွေးနွေးမှုရလဒ် အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲကို ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(ရန်ကုန်ရုံး)၌ ကျင်းပသည်။
ရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဒေါက်တာ မင်းဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး နှင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြသည်။
ရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ''ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ အနေနဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ မူလရည်ရွယ်ချက်ဖြစ်တဲ့ 'ဝ'အထူးဒေသ(၂)အဖွဲ့နဲ့ အထူးဒေသ(၄) မိုင်းလားအဖွဲ့ တွေရဲ့ မြေပြင်စစ်ရေးတင်းမာမှုအခြေအနေကို ဖြေလျှော့ ပေးဖို့ ကြားခံစေ့စပ်ညှိနှိုင်းဆွေးနွေးတာ အောင်မြင်မှုရှိ တယ်လို့ပြောရမှာပါ။ ဒါပေမယ့် တရုတ်နိုင်ငံကိုရောက်သွားတော့မှ နောက်ထပ်ပေါ်လာတဲ့ ဆွေးနွေးပွဲအစီအစဉ်အခင်း အကျင်းအသစ်ကိုတော့ မဆွေးနွေးဖြစ်ခဲ့ဘူး။ ဒါကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ပေးတဲ့အချိန် ဇယားအတိုင်း ငြိမ်းချမ်းရေးကော်မရှင်က လက်ခံပြီး EAOs တွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်။ နောက်ထပ် အချိန်ဇယားထဲမပါဘဲ ဖြစ်ပေါ်လာတဲ့ အစီအစဉ်ကိုပဲ မဆွေးနွေးနိုင်ခဲ့တာပါ။ ဒီခရီးစဉ်မှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံရဲ့ နယ်စပ်တည်ငြိမ် အေးချမ်းရေးနဲ့ နှစ်နိုင်ငံလိုလားချက်ဖြစ်တဲ့ နယ်စပ် ကုန်သွယ်ရေးကိစ္စတွေဟာ အဓိကဖြစ်တယ်။ ဒါကြောင့် တရုတ်နိုင်ငံက သူတို့ကို လိုအပ်တဲ့အကူအညီပြောပါ၊ ကူညီဖို့အသင့်ရှိတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကလည်း ကျွန်တော်တို့နဲ့ တွေ့ဆုံမှုမှာပြောပါတယ်။ ရှမ်း ပြည်နယ်မြောက်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ မှာ တစ်ဖက်နဲ့တစ်ဖက် ထိတွေ့မှုတွေအားကောင်းနေတဲ့ အချိန်မှာ ကြားဝင်ညှိနှိုင်းဆွေးနွေးဖို့ဆိုတာ အခက်အခဲရှိတယ်။ မြေပြင်ထိတွေ့မှုတွေ လျော့နည်းလာပြီး မူလနေရာ ပြန်ဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကနေ အကောင်းဆုံး အဖြေရှာသွားမှာပါ''ဟု ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအပြင် အထူးကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး နိုင်ခဲ့ပြီးဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များအပေါ် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှ အကူအညီများတောင်းလျှင် ကူညီပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိဖော်ဆောင်နေသောငြိမ်းချမ်းရေးခရီးစဉ်ကို ထောက်ခံကြောင်း၊ ထိုနည်းဖြင့်သာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံခြုံတည်ငြိမ်အေးချမ်းရေးသည် နှစ်နိုင်ငံဆက်ဆံရေးကို အားကောင်းစေမည်ဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ဆက်လက်၍ ငြိမ်းချမ်းရေးကော်မရှင်သည် 'ဝ'အထူးဒေသ(၂) ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးမှု၏ အကျိုးရလဒ်အဖြစ် အထူးဒေသ(၄)မိုင်းလား ကျိုင်းတုံနယ်မြေထဲသို့ ရောက်ရှိ နေသော 'ဝ' အထူးဒေသ(၂)တပ်ဖွဲ့ဝင် ၈ဝဝ ကျော်ခန့်မှ တပ်ဖွဲ့ဝင်အင်အား ၂ဝဝ ခန့်သည် ဒီဇင်ဘာ ၂ ရက်နေ့ တွင် မူလနေရာသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ ကျန်ရှိနေသေးသော တပ်ဖွဲ့ဝင်များသည်လည်း အထူး ဒေသ(၄)မိုင်းလားအဖွဲ့၏ တောင်းဆိုချက်အရ လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မူလနေရာသို့ အပြီးပြန်လည် ထွက်ခွာနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
''အထူးဒေသ (၄) မိုင်းလားနယ်မြေထဲမှာရောက်နေတဲ့ 'ဝ'အထူးဒေသ(၂)အဖွဲ့တွေအနေနဲ့ ခရီးရှည်လေ့ကျင့်ရေး လုပ်တာလို့လည်း ပြောပါတယ်။ ဒီအပေါ်မှာ တစ်ဖက်နဲ့ တစ်ဖက် တင်းမာမှုတွေတော့ရှိကြတယ်။ 'ဝ' အထူး ဒေသ(၂)အဖွဲ့တွေအနေနဲ့ အမြန်ဆုံးမူလနေရာကို ပြန်ထွက်ခွာပေးဖို့ပြောပါတယ်''ဟု ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဦးခင်ဇော်ဦးက ပြောသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)

No comments:

Post a Comment