Sunday, December 4, 2016

မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ ကျင်းပ



Image may contain: 3 people , people sitting and crowd
ရန်ကုန် ဒီဇင်ဘာ ၃
မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် ၁၃၇၈ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ပူဇော်ကန်တော့ခံ သက်ကြီးစာပေပညာရှင်များ၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)က ပညာရှင်၊ ပညာရှိကြီးများသည် ပူဇော်ထိုက်သူများဖြစ်သည့်အတွက် ပူဇော် ကန်တော့ခြင်း ဖြစ်ကြောင်း၊ စာပေဖြင့် ကျေးဇူးပြုခဲ့သည့် ကျေးဇူးရှင်များဖြစ်သည့်အတွက် သက်ကြီးစာပေပညာရှင်များကို ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်း ဘဏ္ဍာ ငွေရှာဖွေရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က အလှူရှင်များ၏ လှူဒါန်းငွေ စာရင်းကို ဖတ်ကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတရုံးမှ လှူဒါန်းငွေကျပ် သိန်း ၆ဝ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေ ကျပ် ၁ဝ သိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ လှူဒါန်းငွေကျပ် ၅ သိန်း၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီနှင့် အခြားအသင်းအဖွဲ့အစည်းများ၊ အလှူရှင်များ၏ လှူဒါန်းငွေများကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြို့တော်ဝန်နှင့် အလှူရှင်များက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌက လက်ခံသည်။
ဆက်လက်၍ ကန်တော့ခံ သက်ကြီးစာပေပညာရှင်များအား တက်ရောက်လာကြသူများက ကန်တော့ချိုးဖြင့် လက်အုပ်ချီမိုး ပူဇော်ကန်တော့ကြပြီး ကန်တော့ခံသက်ကြီး စာပေပညာရှင်များကိုယ်စား ဆရာမကြီး ဒေါက်တာရီရီလှ (ယုဝတီခင်ဦး)က ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ကန်တော့ခံသက်ကြီးစာပေ ပညာရှင်ကြီးများအား ကန်တော့ပစ္စည်းနှင့် အလှူငွေများ လက်ရောက်ပေးအပ်လှူဒါန်းကြသည်။
ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီးစာပေပညာရှင် ၁၄၆ ဦးအား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် ပစ္စည်းမျိုးစုံအား ဂါရဝပြု ထောက်ပံ့လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် သက်ကြီးစာပေပညာရှင်များကို အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment