Sunday, December 4, 2016

အလုပ်သမားဥပဒေနှင့် မူဝါဒပိုင်းအပြောင်းအလဲလုပ်ဆောင်ရန်အရေးကြီး



Image may contain: 1 person , indoor
ရန်ကုန် ဒီဇင်ဘာ ၃
အလုပ်သမားများ မတရားပြုမခံရစေရေးနှင့် ¤င်းတို့အခွင့်အရေးများခံစားနိုင်ရေးကို အာမခံနိုင် စေရန် ဥပဒေပိုင်းနှင့် မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲများလုပ်ဆောင်ရန်အရေးကြီးသည်ဟု ရှေ့ပြေးအသံအဖွဲ့၏ ပထမဦးဆုံးသုတေသနအစီရင်ခံစာဖြစ်သည့် ''အနိမ့်ဆုံးကိုမြှင့်တင်ပေးခြင်း၊ မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းအခြေအနေ အစီရင်ခံစာ'' တွင် ထုတ်ပြန်ထားသည်။
အဆိုပါအစီရင်ခံစာတွင် အထည်ချုပ်လုပ်ငန်းရှိအလုပ်သမားများသည် ယေဘုယျအား ဖြင့် တစ်ပတ်လျှင်ခြောက်ရက်အလုပ်ချိန်ကြာစွာလုပ်ရခြင်း၊ စက်ရုံပိုင်ရှင်နှင့်မန်နေဂျာတို့ထံမှတောက်လျှောက်ဖိအားပေးအနိုင်ကျင့်ခံရခြင်း၊ နားရက်ယူသည့်အတွက် အချိုးအစားမမျှသော လစာဖြတ်တောက်မှုများရင်ဆိုင်နေရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်သန့်ရှင်းရေးအဆောက် အအုံတန်ဆာပလာများ မလုံလောက်ခြင်းတို့ဖြစ်နေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ထို့အပြင် အဓိကကျသောတွေ့ရှိချက်တစ်ခုမှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁ရက်မှ စတင်ကာ အနည်းဆုံးအခကြေးငွေမူဝါဒချမှတ်ကျင့်သုံးခဲ့သော်လည်း တွေ့ဆုံမေးမြန်းခဲ့သည့် အလုပ်သမားများထဲမှ ထက်ဝက်ကျော်မှာ ယင်းမူဝါဒ၏ဆိုးကျိုးဂယက်များကိုပြောပြကြပြီး ထိုအထဲတွင် လုပ်ငန်းခွင်အခြေအနေများ ပိုမိုတင်းကျပ်လာခြင်း၊ အော်ဒါပြီးရန်ဖိအား ပိုမိုများပြားခြင်းနှင့် အခြားခံစားခွင့်များဆုံးရှုံးသွားခြင်းတို့ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
''အနည်းဆုံးအခကြေးငွေမူဝါဒကျင့်သုံးတာက အလုပ်သမားလှုပ်ရှားမှုတွေရဲ့ အောင်မြင်မှုတစ်ခုဖြစ်ပေမယ့် အလုပ်သမားအများအပြားအတွက် လုပ်ငန်းခွင်အခြေအနေတွေ ဆုတ်ယုတ်ကုန်တယ်။ ဘာလို့လဲဆိုတော့ သူတို့ကပိုမြင့်လာတဲ့ကုန်ထုတ်လုပ်ရေး ရည်မှန်းချက် တွေပြည့်အောင်အခိုင်းခံရပြီး ဖိအားဒဏ်ခံရတာတွေပိုများတယ်။အလုပ်ရှင်တွေဖိအားပေးတာ ပြင်းသထက်ပြင်းလာတယ်။ အဲဒါကိုထပ်ဆောင်းလိုက်တာက လူနေမှုစရိတ်တွေနဲ့ ကုန်ဈေးနှုန်း တွေမြင့်တက်လာတယ်။ အဲဒီတော့အခြေခံလစာမြင့်လာပေမယ့် သူတို့ရဲ့ဘဝအဆင့်အတန်း က မြင့်မလာဘူး''ဟု ရှေ့ပြေးအသံ၏သုတေသနမိတ်ဖက်အဖွဲ့ဖြစ်သော အလုပ်သမားအခွင့် အရေးလှုပ်ရှားသူများအဖွဲ့မှ ကိုသူရိန်အောင်က ပြောသည်။
ယင်းသုတေသနကို ယခုနှစ် ဖေဖော်ဝါရီနှင့် ဧပြီလကြားလုပ်ဆောင်ခဲ့ပြီး အထည်ချုပ်စက်ရုံအလုပ်သမား ၁၉၉ ဦးနှင့်ပြုလုပ်ခဲ့ရာ စက်မှုဇုန် ၁၄ ခုရှိ စက်ရုံ ၆၂ ရုံမှ အမျိုးသမီး ၁၇၃ ဦး၊ အမျိုးသား ၂၆ ဦးတို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီရင်ခံစာမိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ Best Western Green Hill Hotel ၌ ကျင်းပကြောင်း သိရသည်။
(ဇာနည်မောင်)

No comments:

Post a Comment