Saturday, December 31, 2016

ကမ္ဘာ့အမြင့်ဆုံးတံတားသစ် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ဖွင့်လှစ်



Image may contain: mountain, sky, outdoor and nature
ပေကျင်း ဒီဇင်ဘာ ၃ဝ
ကမ္ဘာအမြင့်ဆုံးတံတားတစ်စင်းကို တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၂၉ ရက်က တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ တံတားသည် ပေ ၂ဝဝဝ နီးပါးအနက်ရှိသည့် ချောက်ကမ်းပါးတစ်ခုပေါ်တွင် ဖြတ်သန်းကာ တည်ဆောက်ထားကြောင်း ယနေ့ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ်ရှိ ကမ္ဘာ့အမြင့်ဆုံးတံတားကို သုံးနှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ရပြီး တံတားတည်ဆောက်မှု ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၇ သန်းဖြစ်သည်။ တံတားကို ဘေပန်ကျန်းဟူ၍ အမည်ပေးထားပြီး ဘေပန်မြစ်၏အထက်၁၈၅၄ ပေ အမြင့်တွင်တည်ရှိသည်။ အဆိုပါ တံတားတွင် တံတားယာဉ်ကြော လေးခုရှိသည်။
ယခုဖွင့်လှစ်လိုက်သော တံတား၏အမြင့်နှင့်နှိုင်းယှဉ်ပါက အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ ဂိုးလ်ဒင်းဂိတ် တံတားသည် အမြင့်ပေ ၂၂ဝ အထက် တွင် တည်ရှိပြီး နယူးယောက်မြို့ရှိ One World ကုန်သွယ်ရေးဗဟိုဌာန အဆောက်အအုံမှာ ၁၇၇၆ ပေ မြင့်မားသည်။ ယင်းအဆောက်အအုံသည် အမေရိကန် ပြည်ထောင်စုတွင် အမြင့်မားဆုံးအဆောက်အအုံလည်းဖြစ်သည်။
ကမ္ဘာ့အမြင့်ဆုံးတံတားတည်ဆောက်မှုလုပ်ငန်းမှာ ယခုနှစ် စက်တင်ဘာလတွင် အပြည့်အဝပြီးစီးခဲ့သော်လည်း ယခုနှစ်ဒီဇင်ဘာ ၂၉ ရက်အထိ တရားဝင်ဖွင့်လှစ်ခြင်း မရှိခဲ့ပေ။
တရုတ်နိုင်ငံ၌ ကမ္ဘာပေါ်တွင် ဒုတိယနှင့်တတိယအမြင့်ဆုံးတံတားများလည်း တည်ရှိကြောင်း၊ ဒုတိယအမြင့်ဆုံးတံတားမှာ ဆီဒူးမြစ် တံတား(အမြင့် ၁၆၂၇ ပေ)ဖြစ်ပြီး တတိယအမြင့်ဆုံးတံတားမှာ ပူလီတံတား(အမြင့် ၁၅၉၁ ပေ)ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment