Saturday, December 31, 2016

ကျူးဘားမြို့တော်၌ နေအိမ်များအင်တာနက်အသုံးပြုရေး ရှေ့ပြေးစီမံကိန်းတစ်ရပ်ကို စတင်အကောင်အထည်ဖော်



Image may contain: one or more people, people sitting and indoor
ဟာဗားနား ဒီဇင်ဘာ ၃ဝ
ကျူးဘားနိုင်ငံမြို့တော် ဟာဗားနား၌ ပြည်သူ ၂ဝဝဝ ၏နေအိမ်များ၌ အင်တာနက်ချိတ်ဆက်အသုံးပြုရေး ရှေ့ပြေးစီမံကိန်း တစ်ရပ်ကို စတင်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
ကျူးဘားနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက်ထိုးဖောက်မှုနှုန်းအနိမ့်ဆုံး နိုင်ငံများအနက် နိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်သည်။ ကွန်မြူနစ် အုပ်စိုးသော ကျူးဘားနိုင်ငံ၌ ပြည်သူ ၁၁ ဒသမ ၂ သန်းမှာ ဝိုင်ဖိုင်ထုတ်လွှင့်ပေးသည့် နေရာများတွင်သာ အင်တာနက်အသုံးပြုခွင့်ရရှိခဲ့ကြပြီး အင်တာနက်သုံးစွဲခမှာ တစ်နာရီလျှင် တစ်ဒေါ်လာခွဲမျှကျသင့်ရာ သာမန်နိုင်ငံ့ဝန်ထမ်းတစ်ဦး ရရှိသော ပျမ်းမျှ လစာငွေ၏ ငါးရာခိုင်နှုန်းခန့်အထိ ရှိသည်ဆို၏။
ကျူးဘားနိုင်ငံ၌ ပြည်သူ ငါးရာခိုင်နှုန်းခန့်ကသာ ၎င်းတို့၏နေအိမ်များ၌ အင်တာနက်ကို သုံးစွဲနိုင်သေးသည်ဟု ခန့်မှန်းရသည်။ ကျူးဘားနိုင်ငံ၌ နေအိမ်များတွင် အင်တာနက်သုံးစွဲခွင့်ရှိရန် အစိုးရထံမှ ခွင့်ပြုချက်ရယူရန် လိုအပ်သည်။ အထူးသဖြင့် တက္ကသိုလ်များ၊ ဆရာဝန်များနှင့် တတ်သိပညာရှင်များကိုသာ အင်တာနက်အသုံးပြုခွင့်ပေးလေ့ရှိသည်။
မိမိ၏နေအိမ်တွင် အင်တာနက်အသုံးပြုခွင့်ရရှိခြင်းမှာ အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာပုံမျိုးဖြစ်ကြောင်း ဟာဗားနား မြို့၌ နေထိုင်သူ အသက် (၆၇) နှစ်အရွယ်ရှိ တက္ကသိုလ်ပါမောက္ခဟောင်း မာရက်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment