Thursday, December 29, 2016

ကျင့်ဝတ်သိက္ခာ လေးစားလိုက်နာ

Image may contain: text
နိုင်ငံအတွင်းရှိ သတင်းမီဒီယာအားလုံး လိုက်နာကျင့်သုံးဆောင်ရွက်သင့်သည့် မီဒီယာစံချိန်စံညွှန်းများကို ဖော်ပြထားသော သတင်းမီဒီယာ ကျင့်ဝတ်လက်စွဲကို ၂ဝ၁၄ ခုနှစ် မေလ ၃ ရက်က ဖြန့်ဝေပေးခဲ့ပြီးဖြစ်သည်။ ဤလမ်းညွှန်သည် ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်း၊ အပိုဒ် ၁၉ တွင်ဖော်ပြထားသော လွတ်လပ်စွာ ထုတ် ဖော်ပြောကြားခြင်း အခြေခံအခွင့်အရေးကို မူလအခြေခံအဖြစ်သတ်မှတ် ထားခြင်းဖြစ်ရာ သတင်းမီဒီယာသမားများအတွက် လုံလောက်သော အခွင့်အရေးရှိနိုင်ပေသည်။
ထိုအခွင့်အရေးမှာ လွတ်လပ်စွာထုတ်ဖော်ခွင့်သက်သက်မဟုတ်ဘဲ လက်ခံသူအခွင့်အရေးများနှင့် တာဝန်ယူမှုအချို့ကိုလည်း ထည့်သွင်း သတ်မှတ်ထားသည်။ သတင်းမီဒီယာဟူသည်မှာ ပုံနှိပ်မီဒီယာနှင့်အီလက် ထရွန်နစ် မီဒီယာများပါဝင်ပြီး နိုင်ငံတော်နှင့်လူမှုဘဝနယ်ပယ်အားလုံးတွင် ကျယ်ဝန်းနက်ရှိုင်းစွာ ထဲထဲဝင်ဝင်ဆက်နွှယ်နေသောကြောင့် စတုတ္ထ မဏ္ဍိုင်ဟုပင် သတ်မှတ်ထားသည်။
ထို့ကြောင့် သတင်းမီဒီယာသမားများအနေဖြင့် လုံလောက်သောအခွင့်အရေးများရှိမည်ဖြစ်သလို တာဝန်ယူမှု၊ တာဝန်ခံမှုလည်းရှိရမည် ဖြစ်သည်။ ဒီမိုကရေစီခေတ် သတင်းမီဒီယာများသည် တိကျမှု၊ ဟန်ချက် ညီမှု၊ မျှတမှု၊ တစ်ပါးသူကို လေးစားမှု စသည့်တာဝန်များရှိနေပြီး အမြင့် ဆုံးသော ပရော်ဖက်ရှင်နယ် ကျင့်ဝတ်စံနှုန်းများကို ထိန်းသိမ်းလိုက်နာဖို့ လိုအပ်ပေသည်။
လက်ရှိတွင် ကျင့်ဝတ်လိုက်နာမှုအပိုင်း၌ အားနည်းချက်များရှိနေ သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အပြန်အလှန်ပြစ်တင်ရှုတ်ချမှုများ၊ တရားစွဲဆိုမှုများ၊ အမှုအခင်းများ ရင်ဆိုင်နေရမှုများ ရှိနေသည်ကိုတွေ့ရ သည်။ သတင်းမီဒီယာကျင့်ဝတ်စံနှုန်းများအား လိုက်နာမှုအပိုင်းတွင် ပုံနှိပ်မီဒီယာထက် အီလက်ထရွန်နစ်မီဒီယာတွင်ပါဝင်သည့် ဆိုရှယ်မီဒီယာ လောကတွင် ကျင့်ဝတ်ဖောက်ဖျက်မှုများ ရှိနေသည်ကို နေ့စဉ်မြင်တွေ့နေ ရသည်။
ဆိုရှယ်မီဒီယာဟုခေါ်ဆိုသည့် အွန်လိုင်းသတင်းမီဒီယာမှာ ပုံနှိပ်မီဒီယာထက် ပိုမိုကျယ်ပြန့်သည့် လူမှုကွန်ရက်ဖြစ်ပြီး ကျင့်ဝတ် နှုန်းစံများ ပျောက်ဆုံးနေသည်ကိုတွေ့ရသည်။ ယင်းတို့ကို တာဝန်ယူ ဆောင်ရွက်သည့် သတင်းမီဒီယာများရှိသည့်အပြင် အမျိုးအမည်သိသူရော၊ မသိသူများပါ ဆောင်ရွက်သည့် ဖေ့စ်ဘွတ်ပေါ်မှ သတင်းမျှဝေမှုများလည်း ပါဝင်နေသည်ကိုတွေ့ရသည်။
Citizen Journalist ဟုတင်စားခေါ်ဝေါ်ခြင်းခံထားရသည့် ဖေ့စ်ဘွတ်အသုံးပြုသူများ၏ သတင်းအချက်အလက်နှင့် ဓာတ်ပုံများဖော်ပြခြင်းကြောင့် ကောင်းကျိုးများရှိသလို လူတစ်ဦးချင်း၏ဂုဏ်သိက္ခာနှင့်ထိခိုက် နာကျင်မှုကိုဖြစ်စေသည့် မကောင်းကျိုးများလည်း ရှိလာသည်ကိုတွေ့ရ သည်။ လွတ်လပ်မှုနှင့်အတူ ရှုပ်ထွေးပွေလီသည့် သတင်းမီဒီယာလောကတွင် လူမှုကွန်ရက်အသုံးပြုသူများအနေဖြင့် ရိုးရှင်းလွယ်ကူသော လေးစားလိုက်နာအပ်သည့်အချက်များနှင့် အကျွမ်းတဝင်ရှိသင့်သည်။
ယင်းမှာ ပုဂ္ဂိုလ်ရေးနှင့်သက်ဆိုင်သည့် ဂုဏ်သိက္ခာနှင့်ထိခိုက်နာကျင်စေမှုတို့ဖြစ်သည်။ Citizen Journalist ဟုဆိုသည့်အတိုင်း ပြည်သူပြည်သား သတင်းသမားများအနေဖြင့် မိမိတို့မျှဝေအသိပေးလိုသော အကြောင်းကိစ္စတွင် ပါဝင်ပတ်သက်သည့် သံသယရှိသူကိုဖြစ်စေ၊ ထိခိုက်နာကျင်မှုခံရသူကိုဖြစ်စေ ၄င်းတို့၏မျက်နှာကိုအုပ်ခြင်း၊ မှုန်ဝါးခြင်း တစ်ခုခုပြုလုပ်သင့်သည်။
သံသယရှိသူအဖြစ် ကနဦးအရေးယူခံရသူသည် ပြစ်ဒဏ်ချမှတ် ခြင်းမခံရသေးသ၍ အပြစ်ကင်းစင်သူအဖြစ်သာ သဘောပိုက်ရမည်ဖြစ်ပြီး သေဆုံးဒဏ်ရာရသူသည် ဝမ်းနည်းကြေကွဲဖွယ်အဖြစ်ဆိုးနှင့်ကြုံရခြင်း ဖြစ်၍ ကာယကံရှင်နှင့်တကွ မိသားစုအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ပါ ထိခိုက်နာကျင်စေသည့် စိတ်ခံစားမှုဖြစ်စေနိုင်သည်ကို သတိမူရမည် ဖြစ်သည်။
အထူးသဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်အမှုများ အား အထူးသတိထားသင့်သည်။
ထို့ကြောင့် ကျင့်ဝတ်နှုန်းစံများကို လေးစားလိုက်နာခြင်းဖြင့် အများ ပြည်သူတို့အား ကောင်းသောမျှဝေခြင်းအဖြစ် အသိပေးပါရန် တိုက်တွန်း ပါသည်။ ။

No comments:

Post a Comment