Thursday, December 29, 2016

လူရည်ချွန် (၁၉၆၄-)အဖွဲ့၏ ၂ဝ၁၆ ခုနှစ် နှစ်ပတ်လည်ညီလာခံနှင့် ညစာစားပွဲကျင်းပ

Image may contain: 2 people
ရန်ကုန် ဒီဇင်ဘာ ၂၈
လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ ၂ဝ၁၆ ခုနှစ် နှစ်ပတ်လည်ညီလာခံနှင့် ညစာ စားပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁) စာသင်ခန်းမနှင့် မြက်ခင်းပြင်တို့၌ ကျင်းပသည်။
လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့ နှစ်ပတ်လည်ညီလာခံကို ညနေ ၄ နာရီ တွင် ဆေးတက္ကသိုလ်(၁) စာသင်ခန်းမ၌ကျင်းပရာ သဘာပတိအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးကျော်ဌေးက အဖွဲ့၏ ၂ဝ၁၆ ခုနှစ် ပညာရေး၊ လူမှုရေးကဏ္ဍ ဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ အထက်မြန်မာပြည်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက အဖွဲ့ခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ ကို လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာခင်မောင်ထွေးက အဖွဲ့၏ ကျန်းမာရေးကဏ္ဍဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဒေါက်တာမီမီလွင် က ကချင်ပြည်နယ် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသခြင်း ဆောင်ရွက်ချက်များကို လည်းကောင်း၊ ဘဏ္ဍာရေးမှူး ဒေါ်သီတာဦးက ဘဏ္ဍာရေးအစီရင်ခံစာကို လည်းကောင်း၊ စာရင်းစစ် ဒေါက်တာကျော်စိုးက စာရင်းစစ်အစီရင်ခံစာကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း ကိုယ်စား ဗိုလ်မှူးဇော်ဝင်းနိုင်(ငြိမ်း)က ဆေးတက္ကသိုလ် ပညာသင်ဆုရ လူရည်ချွန် ကျောင်းသားတစ်ဦးအတွက် အလှူငွေကျပ် ၇၂ သိန်းကို ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဒေါက်တာတင်ထွန်းဦးက လူရည်ချွန်ကုသိုလ်ဖြစ် ဆေးခန်းအတွက် ငွေကျပ်သိန်း ၂ဝ ကို ပေးအပ်လှူဒါန်းရာ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာဖေသက်ခင်က လက်ခံသည်။
ထို့နောက် လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့ နှစ်ပတ်လည်ညစာစားပွဲကို ဆေးတက္ကသိုလ်(၁) မြက်ခင်း၌ ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းနောက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ လှူဒါန်းငွေကျပ် သိန်း ၅ဝဝ ကို ကမ္ဘောဇကုမ္ပဏီများအုပ်စု အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်နှင့်ဇနီး ဒေါက်တာနန်းခင်မေဖူးတို့က ပေးအပ်လှူဒါန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်နှင့်ဇနီး ဒေါက်တာခင်သန်းအေးတို့က လက်ခံသည်။
ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းက ငွေကျပ် ၁ဝ သိန်း၊ ဦးစိန်ဝမ်း-ဒေါ်မဉ္ဇူထွန်းတို့က လူရည်ချွန်ကုသိုလ်ဖြစ် ဆေးခန်းသို့ တန်ဖိုးငွေကျပ် ၁၁၄ သိန်းတန်ဖိုးရှိ Ultra-Sound စက်၊ မြစိမ်းရောင်ဆရာတော်အား ရည်စူး၍ ဒေါ်ညွန့်ယဉ်ဝင်းက ငွေကျပ်သိန်း ၁ဝဝ၊ အောင်မြင်သူကုမ္ပဏီက ငွေကျပ် သိန်း ၁ဝဝ ပေးအပ်လှူဒါန်းကြရာ လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့မှ တာဝန်ရှိသူများက လက်ခံကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ညစာဖြင့် တည်ခင်းဧည့်ခံသည်။
သတင်း-ရီရီမြင့်၊ ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment