Wednesday, December 28, 2016

အလုပ်သမားအဖွဲ့အစည်း ဥပဒေပါခံစားခွင့်များနှင့် အခြားခံစားခွင့်များ ရရှိနိုင်ရန်ပုဂံ-ညောင်ဦး ဒေသခံဟိုတယ်ဝန်ထမ်းများ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်

Image may contain: 1 person, tree, crowd and outdoor
ညောင်ဦး ဒီဇင်ဘာ ၂၇
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဒေသရှိ ဟိုတယ်ပေါင်းစုံမှဝန်ထမ်းများ စုပေါင်းဖွဲ့စည်းထားသည့် ဟိုတယ်ချစ်သူမြို့နယ် အလုပ်သမား သမဂ္ဂအဖွဲ့သည် အလုပ်သမား များအတွက် ဥပဒေပါ ခံစားခွင့် များနှင့် အခြားခံစားခွင့်များ ရရှိ နိုင်ရန် ရည်ရွယ်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုသည့်အနေဖြင့် ဒီဇင်ဘာ ၂၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ပုဂံမြို့ဟောင်း သရပါတံခါးမှ စတင်၍ ပုဂံ-ညောင်ဦး မြို့တစ်ပတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် လမ်းလျှောက်ခဲ့ကြသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ပုဂံ ဟိုတယ်တွင် ဝန်ထမ်းလုပ်ကိုင်နေသူ ပုဂံမြို့သစ်ဥဇနရပ်နေ ဦးမြင့်ဦး ဦးဆောင်သည့် ဟိုတယ်ပေါင်းစုံမှ ဝန်ထမ်းများပါ လူအင်အား ၃ဝဝ ခန့်သည် ''အလုပ်သမား ဥပဒေပါ ခံစားခွင့်များကို အလုပ်သမားများ အားလုံး ခံစားခွင့်ရရှိရေး-ဒို့အရေး၊ အလုပ်ရှင် အလုပ်သမားပြဿနာများကို ညှိနှိုင်းပြေလည်စေရေးနှင့် အပြန်အလှန်လေးစားမှုရှိပြီး ပွင့်လင်း မြင်သာသော ဆွေးနွေးခြင်းများနှင့် CBA ဖော်ဆောင်ရေး-ဒို့အရေး'' စသဖြင့် ကြွေးကြော်ကြပြီး ဆိုင်းဘုတ် များကိုင်ဆောင်ကာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြပြီး အလုပ်သမား အဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများ နှင့်ပတ်သက်သည့် လက်ကမ်းစာ စောင်များကို လှည့်လည်သည့် လမ်း တစ်လျှောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုအဖွဲ့သည် ညနေ ၃ နာရီ ၁၅ မိနစ်တွင် သရပါတံခါးမှ ညောင်ဦးမြို့ မဏိစည်သူဈေး၊ မဏိစည်သူဈေးမှ လေယာဉ်ကွင်းလမ်းဆုံအတိုင်း ပုဂံ မြို့သစ်၊ ပုဂံမြို့သစ်မှ မြင်းကပါ ကျေးရွာလမ်းအတိုင်း စီတန်းလှည့် လည်ကြကာ ညနေ ၅ နာရီခွဲတွင် သရပါတံခါးသို့ ပြန်လည်ရောက်ရှိ ကြပြီး ဆန္ဒဖော်ထုတ်ပွဲ ပြီးဆုံးခဲ့ ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ် လမ်းလျှောက်ပွဲသည် ဟိုတယ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်စေရန်၊ ဟိုတယ်အလုပ်သမား ဝန်ထမ်းများ၏ လူနေမှုဘဝ တိုးတက်မြင့်မားစေရန်အတွက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များကို ရရှိခံစားနိုင်စေရန်၊ အလုပ်ရှင်နှင့် မန်နေဂျာများ၏ မတရား အလုပ်ထုတ်မှုများ၊ ခွဲခြားဆက်ဆံဖိနှိပ်မှုများ မဖြစ်ပေါ်စေရေးအတွက် အလုပ်ရှင် အလုပ်သမားပြဿနာများကို ညှိနှိုင်း ပြေလည်စေရန်၊ ဟိုတယ်ဝန်ထမ်း များ၏ အဓိကအားထားရာဖြစ်သော ဝန်ဆောင်ခငွေကို ဝန်ထမ်းများ အားလုံး ၁ဝ ရာခိုင်နှုန်း အပြည့်အဝ ရရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။
ရဲသူရအောင်(ညောင်ဦး)

No comments:

Post a Comment