Saturday, December 31, 2016

စက်မှုဖွံ့ဖြိုးရေးတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အစဉ်အမြဲ နှလုံးသွင်း

Image may contain: 9 people, people sitting, table and indoor


နေပြည်တော် ဒီဇင်ဘာ ၃ဝ

အနာဂတ် မျိုးဆက်သစ်များ လက်ဝယ်သို့ ပိုမိုကောင်းမွန်၊ ပိုမိုသန့်ရှင်း၊ ပိုမိုရေရှည် တည်တံ့သော သဘာဝပတ်ဝန်းကျင်ကို လွှဲပြောင်းပေးနိုင်ရန် ယနေ့မိမိတို့အား လုံး ညီညီညွတ်ညွတ် တာဝန်သိသိ အားထုတ်ကြရန် အရေးကြီးပါကြောင်း အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် အမျိုးသားအဆင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးတွင် ဒုတိယသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဒုတိယသမ္မတက မြန်မာ နိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကိုယ်တွေ့ ခံစားနေရပြီဖြစ်သည့်အတွက် အစစ အရာရာ သတိရှိရှိ ကြိုးပမ်းဆောင်ရွက်ကြ ရန်၊ ယခုလို ဆောင်ရွက်သည့်အခါတွင် စာရွက်ပေါ်က စီမံကိန်းများ၊ အစီအစဉ် များ သက်သက်မဖြစ်စေဘဲ လက်တွေ့ကျ ပြီး အလုပ်ဖြစ်အောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
စက်မှုဖွံ့ဖြိုးရေးတွင် သဘာဝ ပတ်ဝန်းကျင်ကို လျစ်လျူရှုရာမရောက် အောင်လည်း မိမိတို့အထူးသတိထားရန် လိုကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် အစဉ်အမြဲ နှလုံးသွင်းနေရမည်ဖြစ် ကြောင်း၊ မြန်မာ့လူ့အဖွဲ့ အစည်းတစ်ရပ် လုံးတွင် အဲ့ဒီအသိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေစေဖို့ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ရာသီဥတုပြောင်းလဲမှုကို တွေ့ကြုံ
မြန်မာနိုင်ငံသည် သဘာဝဘေး အ္တရာယ် ပြင်းထန်စွာခံစားရနိုင်သည့် နိုင်ငံများတွင် ပါဝင်နေသည့်အပြင် ရာသီ ဥတုပြောင်းလဲမှုကို လက်တွေ့ တွေ့ကြုံ နေရပါကြောင်း။
သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသ ကြီး/ပြည်နယ်များတွင် ခွင့်ပြုဆောင် ရွက်နေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် သယံဇာတအခြေခံ စီမံကိန်းလုပ်ငန်း စာရင်းများနှင့်ဆက်စပ်သည့် အချက် အလက်များ စုစည်းပေးနိုင်ရန်၊ လက်ရှိ လည်ပတ်ဆောင်ရွက်နေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် သယံဇာတအခြေခံစီမံကိန်းလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက် ရောက်မှုများမဖြစ်ပေါ်အောင် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စစ်ဆေးကြပ်မတ်သွားနိုင်ရန် တိုင်း ဒေသကြီး/ပြည်နယ်အဆင့် ကြီးကြပ် မှုကော်မတီများ၏ ဦးဆောင်ကြီးကြပ်မှု နှင့် လိုအပ်သည့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း ပြီး ကွင်းဆင်းစစ်ဆေးမှုများကို အစီအမံ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
ဇုန်နယ်မြေများသတ်မှတ်
ထို့ပြင် ဒုတိယသမ္မတက ယနေ့ အချိန်အခါအရ လူဦးရေတိုးပွားမှု၊ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မြို့ကြီး များ တိုးချဲ့ရာတွင် မြို့ပြဒေသပတ်ဝန်းကျင် စီမံခန့်ခွဲမှုများအတွက် ဇုန်နယ်မြေများ သတ်မှတ်ပြီး မြေအသုံးချမှု၊ လူနေအိမ်ရာ ချထားမှု၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုများကို ဖြစ်ပေါ်တိုးတက်လာသည့် ခေတ်စနစ်နှင့် အညီ စီမံခန့်ခွဲခြင်း၊ နည်းပညာများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက် သွားရန် လိုအပ်ကြောင်း။
လက်တွေ့နယ်ပယ်တွင် ကြုံတွေ့နေ ရသည့် ခရိုင်၊ မြို့နယ်အဆင့် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကို ထိထိမိမိပေါင်းစပ် ဖြေရှင်းနိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်မှုအောက်တွင် ခရိုင် အဆင့်၊ မြို့နယ်အဆင့်ကြီးကြပ်မှု ကော်မတီများကို ဆက်လက်ဖွဲ့စည်းသွား နိုင်ရေးကိုလည်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်အားပေး ဆောင်ရွက်လျက်ရှိရာ တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း များကို ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရန် နှင့် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားနိုင်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရ မဟုတ်သည့်အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း ပြောကြား သည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၏ အဓိကအချက်မှာ အမျိုးသားအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် စနစ်တကျ ထည့်သွင်း ပေါင်းစပ် အကောင်အထည်ဖော်ဆောင် ရွက်သွားနိုင်ရန်ဖြစ်ကြောင်း၊ မူဝါဒမဟာ ဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ၊ ဥပဒေပိုင်းဆိုင်ရာ ရေးဆွဲဆောင်ရွက်မှု များ ဆောင်ရွက်နေသကဲ့သို့ ပညာရေး နှင့် အသိပညာပြန့်ပွားရေးကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင် ရွက်မှုများကို ဆိုင်ရာကဏ္ဍအလိုက်၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စိတ် စေတနာထက်သန်မှုကိုအခြေခံပြီး အပြန် အလှန် ခင်မင်လေးစားမှုဖြင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်သွားခြင်းဖြင့် ရေရှည် တည်တံ့သောလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတကာအဖွဲ့အစည်းများဖြင့်ပူးပေါင်း
ထို့နောက် ဗဟိုကော်မတီဝင် နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က နိုင်ငံတကာနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ အတွက် အကူအညီရယူဆောင်ရွက်သွား ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မူဝါဒ၊ ဥပဒေ၊ နည်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းကော်မတီ၊ စက်မှုစီမံကိန်းများ၊ မြို့ပြနှင့် ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်း စီမံ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ၊ သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်း ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေးနှင့် အသိပညာ ပြန့်ပွားရေးလုပ်ငန်းကော်မတီ၊ အစိမ်း ရောင်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လုပ်ငန်းကော်မတီတို့မှ တာဝန် ရှိသူများက သက်ဆိုင်ရာ ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြပြီး ဗဟို ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူး ချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ အနေဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်းတို့မှ ပညာရှင်များက ရာသီဥတုဆိုးရွားလာမှု ဖြစ်စဉ်များ၊ ရင်ဆိုင်ကြုံတွေ့ရသည့် သဘာဝဘေး အ္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူ များ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန် ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
(သတင်းစဉ်)

No comments:

Post a Comment