Saturday, December 31, 2016

တစ်နေ့ထက်တစ်နေ့ပိုကောင်းအောင် ကြိုးစားဖြစ်တယ်ဆိုတဲ့ ထားထက်ထက်


Image may contain: 1 person, standing
အလှမယ်တစ်ယောက်အဖြစ် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ယခုအခါ သရုပ်ဆောင်အလုပ်ကိုပါ လုပ်ဆောင်နေတဲ့ အလှမယ် ထားထက်ထက်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ထားထက်ထက်ဟာ ငယ်စဉ်က မြန်မာ့ လက်ရွေးစင် ဂျွမ်းဘားမယ်ဖြစ်ခဲ့ပြီး ယခုအခါ အနုပညာအလုပ်များအပြင် ပရဟိတ အလုပ်တွေကို ပါဝင်ဆောင်ရွက်လျက်ရှိနေပါတယ်။
ထားထက်ထက်နှင့် တွေ့ဆုံမေးမြန်းဖြစ်ပုံများကို စာဖတ်ပရိသတ်များ အတွက် တင်ပြလိုက်ရပါတယ်။
ပထမဆုံးလတ်တလောအနုပညာလှုပ်ရှားမှုအကြောင်း ပြောပြပေးပါ။
ကျွန်မ လတ်တလောကတော့ ဓာတ်ပုံတွေပဲ ရိုက်ဖြစ်နေပါတယ်။ တစ်လ ပိုင်းလောက်မှ ရုပ်ရှင်ဇာတ်ကားရိုက်ဖြစ်မယ်။ ကိုညိုမင်းလွင်နဲ့ အယူတော်မင်္ဂလာဇာတ်ကားကို ရိုက်ထားပါတယ်။ အကြားမြင်၊ ဗေဒင်ဆရာမနေရာကနေ သရုပ်ဆောင်ထားပါတယ်။ တစ်လ ပိုင်းလောက်မှာက ကိုဆာမိတို့နဲ့ ရိုက်မှာပါ။
ကိုဆာမိတို့နဲ့ တစ်လပိုင်းမှာရိုက်မယ့် ဇာတ်လမ်းကို လက်ခံဖြစ်ခဲ့ပုံကို ပြောပြပေးပါ။
လူဆိုးခန်းနေရာက သရုပ်ဆောင်ရမယ့် ဇာတ်လမ်းပါ။ ဒီဇာတ်ကားလေးကို လက်ခံဖြစ်တာက မြန်မာနိုင်ငံက ပရိသတ်တွေက တစ်ခုဆိုတစ်ခု အစွဲအလမ်းရှိတော့ စိုးရိမ်တဲ့စိတ်တော့ ဖြစ်မိတယ်။ ဒါပေမယ့် ဒါရိုက်တာ ကိုဆာမိကလည်း သေချာရှင်းပြတော့ ကိုယ်လည်းကျရာ ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ချင်တယ်။ ပြီးတော့ အက်ရှင်ဇာတ်ကားလည်းဖြစ်တယ်။ ကိုဆာမိ ရိုက်တဲ့ကားတွေက ကောင်းတယ်ဆိုတော့ လက်ခံ ဖြစ်သွားတာပါ။
ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကား သရုပ်ဆောင်ထားတာ ဘယ်လောက်ရှိပြီလဲ။
ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ဖြစ်တာများတယ်။ ဗီဒီယိုက ထွက်ထားတာ ၄၊ ၅ ကားတော့ရှိပါတယ်။ အားလုံးပေါင်း ၁ဝ ကားကျော်လောက် ရှိပါပြီ။
အနုပညာဖြတ်သန်းမှုအပိုင်းလည်း ပြောပြပေးပါဦး။
၂ဝ၁၂ ခုနှစ် လောက်က Miss Myanmar International ပြိုင်ပွဲမှာ Top 5 ဝင်ပြီး Title ဆုတွေပဲ ရခဲ့ပါတယ်။ ၂ဝ၁၃ မှာတော့Miss Grand International ပြိုင်ပွဲဝင်ပြိုင်တဲ့အခါ Miss Grand Myanmar အဖြစ် ရွေးချယ်ခြင်းခံရတယ်။ နောက် ထိုင်းနိုင်ငံမှာ Miss Grand International ပြိုင်ပွဲကို ပြိုင်တော့ People Choice Award နဲ့ Miss Popular ဆုတွေ အများကြီးရခဲ့တယ်။ နောက်ပြီး ၂ဝ၁၂ ခုနှစ်နဲ့ ၂ဝ၁၃ ခုနှစ် အတွင်းမှာတော့ Miss တစ်ယောက် အနေနဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်ဖြစ်တယ်။ ဓာတ်ပုံတွေရိုက် ဖြစ်တယ်။ သရုပ်ဆောင်အလုပ်အတွက် လည်း တစ်နှစ်လုံး ကြိုပြီးလေ့လာဖြစ်ခဲ့တယ်။ ၂ဝ၁၄ ခုနှစ်မှာစပြီး သရုပ်ဆောင်အလုပ်ကို စလုပ်ဖြစ်ခဲ့ပါတယ်။
သရုပ်ဆောင်ရတာနဲ့ Miss တစ်ယောက်အဖြစ်နဲ့ ကွာခြားမှုကရော။
သရုပ်ဆောင်အလုပ်က ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်ရတယ်။ ဥပမာ လမ်းဘေးမှာနေရတယ်ဆိုရင် ပီပြင်အောင် သရုပ်ဆောင်ရတယ်။ သဘာဝကျတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်အောင် နေရတယ်။ Missကျတော့ အဲဒီ လိုမဟုတ်ဘူး။ ဘယ်နေရာသွားသွား လူတွေကကိုယ့် ကိုမြင်လိုက်တာနဲ့ စတိုင်ကျနေရမယ်။ စံပြတစ်ယောက် ဖြစ်နေရမယ်။ စကားပြောတာကအစ လှလှပပ ကျော့ကျော့ရှင်းရှင်း ဖြစ်အောင်နေရတယ်။ အဲဒီလို ကွာခြားပါတယ်။
အနုပညာအလုပ်အပြင် ဘာတွေလုပ်ဖြစ်လဲ။
ငယ်ငယ်ကတည်းက အသက်(၅) နှစ်လောက်ကတည်းက ဂျွမ်းဘားကစားတယ်။ အသက် (၁၆) နှစ်လောက်အထိ မြန်မာ့လက်ရွေးစင် ဂျွမ်းဘားမယ်တစ်ယောက်အဖြစ် ကစားခဲ့တယ်။ ငယ်ဘဝဖြတ်သန်းမှုက တခြားကလေး တွေနဲ့ မတူဘူး။ စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေကများတယ်။ ခက်ခက်ခဲခဲဖြတ်သန်းရတာများပါတယ်။ ကျောင်း တက်ရချိန်ကနည်းတယ်။ ဂျွမ်းဘားလေ့ကျင့်မှုအနေနဲ့ နိုင်ငံခြားမှာ အကြာကြီးသွားနေရတာတွေရှိတယ်။ လက်ရွေးစင်ဖြစ်ဖို့ကတော့ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက အရွယ်နဲ့မလိုက်အောင် လေ့ကျင့်ခဲ့ရတယ်။ ဂျွမ်းဘားကလည်း တခြားကစားနည်းနဲ့ မတူဘူး၊ အားကစားနည်းအားလုံးရဲ့ အခြေခံဆိုတော့ ပိုပင်ပန်း တယ်။ ဆီးဂိမ်းဝင်ပြိုင်တော့ ဆီးဂိမ်းအဆင့်ဆိုရင် ပိုပြီး မြင့်သွားတယ်။
သွားပြိုင်တဲ့နှစ်က ၂ဝဝ၃ ခုနှစ်က ဗီယက်နမ်မှာ၊ ၂ဝဝ၅ ခုနှစ်က ဖိလစ်ပိုင်မှာ နှစ်ကြိမ် ပြိုင်ခဲ့ပါတယ်။ ဂျွမ်းဘားကစားနည်းကို ကစားတဲ့မိန်း ကလေးကနည်းတော့ ပထမတစ်ခေါက်သွားပြိုင်တော့ မိန်းကလေး နှစ်ယောက်ပဲ ရှိတယ်။ နောက်နှစ်ကျတော့ ကျွန်မတစ်ယောက်ပဲ ရှိတော့တယ်။ ကျန်တဲ့နိုင်ငံတွေကျ တော့ အသင်းအဖွဲ့တွေနဲ့ဆိုတော့ အားပေးမှုလည်း ပိုပြီးများတာပေါ့။ အဲဒီအချိန်က မြန်မာဆိုရင် နည်းနည်း နှိမ်ချင်ကြတယ်။ သူများနဲ့ တန်းတူ လုပ်နိုင်ရင်တောင် အမှတ်အပြည့်မရတာမျိုးတွေ ကြုံခဲ့ရတယ်။ ခုတော့ စနေ၊ တနင်္ဂနွေမှာ ဂျွမ်းဘားအားကစားဝါသနာပါတဲ့ ကလေးတွေကို သင်ပေးတာရှိတယ်။ ကြားရက်ဆိုရင်တော့ အားရင်းအားသလို ဂျွမ်းဘား အားကစားအဖွဲ့ချုပ်က ကလေးတွေကို ပရဟိတအနေနဲ့ သင်ပေးတာရှိပါတယ်။
ကျောင်းတက်ခဲ့တာကတော့ အထက(၁) ပန်းဘဲတန်းနဲ့ အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကနေ အင်ဂျင်နီယာ ဘွဲ့ရထားပါတယ်။
ပရဟိတအလုပ်တွေ လုပ်ဖြစ်ပုံကရော။
ကျွန်မက ပရဟိတအလုပ်ကို အသက် (၁၆) နှစ်ကတည်းက ကလေးတွေကို စာသင်တဲ့အနေနဲ့ စလုပ်ဖြစ်တယ်။ အခု Miss ဖြစ်လာတော့ Miss တွေပဲဖွဲ့ထားတဲ့အဖွဲ့မှာပါဝင်ပြီး လိုအပ်တဲ့နေရာတွေကို လှူဖြစ်ပါတယ်။ နှစ်လတစ်ခါ လှူဖြစ်တာမျိုးတွေ လုပ်ဖြစ်ပါတယ်။ အဖွဲ့မဟုတ်လည်း တစ်ယောက်တည်းလည်း လုပ်ဖြစ်ပါတယ်။ တခြား အဖွဲ့တွေကလည်း အကူအညီတောင်းရင် အားရင်အားသလိုကူညီဖြစ်ပါ တယ်။ အခြားအဖွဲ့အစည်းတွေမှာလည်း ပါဝင်ထားတာ ရှိတယ်။ ပရဟိတအလုပ်ကိုတော့ အားရင်အားသလို လုပ်ဖြစ်ပါတယ်။
ဘာတွေဆက်လုပ်ဖို့ ရည်မှန်းထားလဲ။
အားကစားဘက်ကိုလည်း အမှန်တကယ် တိုးတက်အောင် ဆောင်ရွက်ပေးချင်တယ်။ ဂျွမ်းဘားမှာလည်း သံတမန်အဖြစ် ဆောင်ရွက်ပေးနေပါတယ်။ ကလေးတွေရော၊ လူကြီးတွေကိုရော ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့ အမြဲ တိုက်တွန်းဖြစ်ပါတယ်။ ကလေးတွေဆိုရင်လည်း အားကစားတစ်ခုကစားခြင်းက ကလေးတစ်ယောက်ရဲ့ ဘဝမှာ ကိုယ်တိုင်လည်း ကိုယ်တွေ့ဆိုတော့ ဂျွမ်းဘား အားကစားက ကောင်းကျိုးတွေ အများကြီးရှိစေတယ်။ ကလေးတွေကို ဆက်ပြီးတော့ သင်ပေးဖို့လည်းရှိပါတယ်။ အနုပညာဘက်မှာလည်း ဇာတ်ကားထွက်မှုနည်းပါတယ်။ ကျွန်မနဲ့အဆင်ပြေတဲ့ကား၊ ကိုယ်အကောင်းဆုံးလုပ်နိုင် မယ့် ကိုယ်ယုံကြည်ချက် ရှိတဲ့ကားတွေ ပိုပြီးတော့ရိုက် ဖြစ်တယ်။ ပရိသတ်က ကိုယ်ကိုကြည့်ရင် အားကျသွားရတဲ့ ပုံစံမျိုး၊ ကာရိုက်တာမျိုးပိုပြီးလုပ်ချင်ပါတယ်။ ပရဟိတ အလုပ်ကိုလည်း အချိန်ရရင်ရသလိုလုပ်ချင်ပါတယ်။ အားကစားကိုစိတ်ဝင် စားလို့ပဲဖြစ်ဖြစ်၊ ပရဟိတအလုပ်ကို စိတ်ဝင်စားလို့ပဲဖြစ် ဖြစ်၊ ကျွန်မကို ဆက်သွယ်မေးလို့ရပါ တယ်။ အကူ အညီတောင်းစရာရှိလည်း တောင်းနိုင်ပါ တယ်။ မေးမြန်း စရာရှိလည်း မေးမြန်နိုင်ပါတယ်။
နှစ်သစ်ကိုဘယ်လိုဖြတ်သန်းဖို့ရှိလဲ။
New Year မှာ ကျွန်မ ထူးထူးခြားခြား လုပ်ဖို့ အစီအစဉ် တော့မရှိပါဘူး။ ပုံမှန်လောက်ပါပဲ၊ အရင်နှစ်တွေကတော့ အိမ်မှာပဲ မုန့်လုပ်စားတာလောက်ပဲ လုပ်ဖြစ်ပါတယ်။ ဒီနှစ်ပွဲရှိရင်တော့ ပွဲသွားဖြစ်မယ်။
ပရိသတ်တွေအတွက် စကားလက်ဆောင်ကရော။
ကျွန်မ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် အမြဲလုပ်ဆောင်ဖြစ်တယ်။ တစ်နေ့ထက်တစ်နေ့ မတူအောင်၊ ပိုကောင်းအောင် ကြိုးစားဖြစ်တယ်။ သရုပ်ဆောင်အလုပ် ကိုလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး လုပ်ဆောင်ဖြစ်ပါတယ်။ အားပေးတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment