Friday, December 30, 2016

ရွေးကောက်ပွဲကာလ ကွန်ပျူတာကွန်ရက်ဖောက်ထွင်းမှု ရုရှားကိုလက်တုံ့ပြန်ရေး အိုဘားမားအစိုးရစီစဉ်

Image may contain: 2 people
ဝါရှင်တန် ဒီဇင်ဘာ ၂၉
အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်း များနှင့် တစ်သီးပုဂ္ဂလများ၏ ကွန်ပျူတာကွန်ရက်ကို ဖောက်ထွင်းမှုပြုလုပ်ခြင်း၊ ဒေါ်နယ်ထရန့်နှင့် အခြားသော ရီပတ်ဘလီကန်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲတွင် အောင်နိုင်မှုရရှိစေရန်ရည်ရွယ်လျက် သတင်းအချက်အလက်များ ပေါက်ကြားစေခြင်းတို့အတွက် ရုရှားနိုင်ငံအား လက်တုံ့ပြန်မည့်အစီအမံများကို သမ္မတဘာရက်အိုဘားမား၏ အစိုးရအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် တွင် ထုတ်ပြန်ကြေညာရန် စီစဉ်ထားကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူနှစ်ဦးက ပြောကြားလိုက်သည်။
သမ္မတဘာရက်အိုဘားမား အစိုးရအဖွဲ့၏ လက်တုံ့ ပြန်မည့်အစီအမံများနှင့်ပတ်သက်၍ အဆိုပါတာဝန်ရှိသူ နှစ်ဦးက အတိအကျ ပြောကြားခြင်းမရှိပေ။
သို့ရာတွင် စီးပွားရေးအရပိတ်ဆို့ခြင်း၊ တရားစွဲဆို ခြင်း၊ ရုရှားအစိုးရ တာဝန်ရှိသူများ သို့မဟုတ် အာဏာ ပိုင်စိုးသူများ ဣနြေ္ဒပျက်စေမည့် သတင်းအချက်အလက် များအား ဖွင့်ချခြင်း၊ အမေရိကန်ပြည်ထောင်စုရှိ ရုရှား သံတမန်များအား ထိန်းချုပ်ကန့်သတ်ခြင်း စသည့် နည်းလမ်းများဖြင့် လက်တုံ့ပြန်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်ဆို၏။
နိုဝင်ဘာ ၈ ရက် သမ္မတရွေးကောက်ပွဲအကြိုကာလတွင် ဒီမိုကရက်တစ်ပါတီ၏ အဖွဲ့အစည်းများနှင့် သက်ဆိုင်နေသော ကွန်ပျူတာ ကွန်ရက်စနစ်အတွင်းသို့ ရုရှားနိုင်ငံက ဖောက်ထွင်းမှုပြုလုပ်ခဲ့သည်ဟု ဗဟို ထောက်လှမ်းရေးအေဂျင်စီ၊ ပြည်ထောင်စုစုံစမ်းစစ်ဆေး ရေးဗျူရိုနှင့် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံးတို့က တညီတညွတ်တည်းသဘောတူ လက်ခံကြကြောင်း၊ ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်အောင်ပွဲခံပြီး ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန် ရှုံးနိမ့်စေရေးအတွက် ရုရှားနိုင်ငံက ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်ခဲ့သည် ဟုလည်း အထက်ပါအဖွဲ့အစည်းများက သဘောတူလက်ခံ ကြကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူနှစ်ဦးက ပြောကြားကြသည်။
ရိုက်တာ။

No comments:

Post a Comment