Friday, December 30, 2016

ပျော်ရွှင်သတိတရနိုးကြားထကြွ



မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ လာမည့်ဇန်နဝါရီလ ၄ ရက်နေ့ တွင် နှစ်ပေါင်း ၆၉ နှစ်ရှိပြီဖြစ်၍ အသက် (၇ဝ) နှစ်အထက်ရှိသူများသာ သိမီလိုက်ကြမည်ဖြစ်ပြီး မျက်မှောက်ခေတ်ပြည်သူအများမှာ စာတွေ့ အရလည်းကောင်း၊ အခမ်းအနားအရလည်းကောင်းသိရှိကြရသည်။
လက်ရှိတွင် လွတ်လပ်ရေး၏ အသီးအပွင့်ကို ခံစားနေကြရသူများ သာဖြစ်ပြီး ထိုအသီးအပွင့်ခံစားနိုင်အောင် လွတ်လပ်ရေးကို မည်သို့ ခက်ခက်ခဲခဲရယူခဲ့ကြသည်၊ မည်သို့ရင်းနှီးပေးဆပ်ခဲ့ကြရသည်တို့ကို လက်တွေ့ကျကျသိမြင်သူများနည်းပါးသွားခဲ့ရပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် လွတ်လပ်ရေး အရယူကြမှုများနှင့် အရယူပေးခဲ့ကြသူများကို အလေးအနက်တန်ဖိုးထားပြီး နှောင်းလူတို့မမေ့မပျောက် သိရှိနိုင်ရန်အလို့ငှာ လွတ်လပ်ရေးနေ့ကျရောက် သည့် အချိန်ကာလတိုင်း လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ ကြပုံများ ပြန်လည်ထုတ်ဖော်ပြသကြသည်။
နိုင်ငံတစ်နိုင်ငံအတွက် အဖိုးအနဂ္ဃထိုက်တန်ပြီး သမိုင်းတန်ဖိုးကြီးမား သော နေ့ထူးနေ့မြတ်များကို အများပြည်သူ အလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပပေးခြင်းသည် အနာဂတ်မျိုးဆက် သစ်များအား သမိုင်းအမွေကို ဆက်ခံနိုင်ရန်အတွက် ထုတ်ဖော်ပြသခြင်း ပင်ဖြစ်သည်။ သမိုင်းအမွေကို သိရှိမှတ်သားပြီး အနာဂတ်ကိုတည်ဆောက် ရန်ဖြစ်သည်။
ယနေ့ကာလတွင် နိုင်ငံအတွက်ထွန်းပြောင်ခဲ့သည့် သမိုင်းစာမျက်နှာ များကို သိရှိသူနည်းပါးသွားပြီဖြစ်သည်။ အထူးသဖြင့် လူငယ်လူရွယ်များ အနေဖြင့် သမိုင်းကိုလေ့လာရန် အားနည်းသွားပြီး မကြာသေးသောကာလ က သမိုင်းဘာသာရပ်ကို လေ့လာသင်ကြားသူ နည်းပါးသွားပြီဟု သိရှိ ရသည်။
မြန်မာ့သမိုင်းရာဇဝင်ကို အများပြည်သူတို့ သိရှိရန်လိုအပ်သကဲ့သို့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့၊ အမျိုးသားနေ့စသည့် သမိုင်းဝင်နေ့ထူးနေ့မြတ်များကို မြန်မာနိုင်ငံသားများ အသေးစိတ်သိရှိထားရန် လိုအပ်သည်။ မမေ့ပျောက်ကောင်းသော နေ့ထူးနေ့မြတ်များကို အစဉ်အဆက်ဖော်ထုတ်ပြသသွားရန် တာဝန်မှာ ပညာရေးနှင့် စာပေပညာရှင်တို့၏ တာဝန်ပင်ဖြစ်သည်။
သမိုင်းဟူသည် ရှေးဘိုးဘေးဘီဘင်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် ပြောင်မြောက်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းများဖြစ်သည်။ သမိုင်းမှပေးသောအမွေသည် မျိုးဆက်သစ်များအတွက် အမျိုးသားရေး စိတ်ဓာတ်မပျောက်ပျက်အောင်၊ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးအောင် စွမ်းဆောင်ပေးနိုင်ပေသည်။
သမိုင်းဝင်ထင်ရှားသည့် နေ့ကြီးရက်ကြီးအခါကြီးများတွင် အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားခြင်းသည် ထိုနေ့ထိုရက်တွင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရန်အတွက်ဟုသာ လွဲမှား မှတ်ယူနေပြီး အမှန်မှာ ထိုနေ့ထိုရက်တွင် ပြောင်မြောက်သောသမိုင်း မှတ်တိုင်များကို သိရှိလေ့လာ မှတ်သားနိုင်ရန်ဖြစ်သည်။
လွတ်လပ်ရေးနေ့အခါသမယတွင်မူ တစ်ချိန်သောကာလက အာဝါဒေးဟုဆိုကာ လူငယ်လူရွယ်ဘာဝ လွတ်လပ်ကြ၊ ပျော်ရွှင်ကြ၊ ဝမ်းမြောက်ကြသည်မှာ လွတ်လပ်ရေး၏အနှစ်သာရနှင့် ထိုက်တန်ပေသည်။ လွတ်လပ်ရေးပွဲလမ်းသဘင်မှာ ပျော်ရွှင်ဝမ်းမြောက်ဖွယ်ကောင်းသလို လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကိုလည်း မမေ့မပျောက် တန်ဖိုးထားကြရမည်ဖြစ်သည်။
လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကိုလည်း ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရမည်ဟူသည့်စိတ်ဓာတ်များ အတူယှဉ်တွဲပါဝင်လာကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် လွတ်လပ်ရေးနေ့အခမ်းအနားများကို မြို့တိုင်း နယ်တိုင်းတွင် နှစ်စဉ်ကျင်းပပေးလျက်ရှိသော်လည်း ယခင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကာလကလောက် ပျော်ရွှင်ဖွယ်၊ အောက်မေ့ဖွယ်၊ တက်ကြွဖွယ် အနှစ်သာရများ နည်းနေသေးသည်ဟု ဆိုရမည်ဖြစ်သည်။
ထို့ကြောင့် ယခုကျရောက်မည့် လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာတစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် ပျော်ရွှင်သတိတရ ပြန်လည် နိုးကြားထကြွရန် အားထုတ်ကြိုးပမ်းကြဖို့ တိုက်တွန်းပါသည်။ ။

No comments:

Post a Comment